NDAA ဥပဒေ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည်ဟု စစ်ကောင်စီ တုံ့ပြန်ကန့်ကွက်
******************
ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
မြန်မာ့ဒီမိုကရေစီအင်အားစုများကို အကူအညီပေးမည့် NDAA ဥပဒေပါအချက်များသည် အကြမ်းဖက်အားပေးနေခြင်းဖြစ်ပြီး ပြည်တွင်းရေးကို စွက်ဖက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေးဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြုခဲ့ပြီး The Burma Act ဥပဒေလည်း ပါဝင်နေသည်။
The Burma Act အပိုင်းတွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် နည်းပညာအကူအညီများ ထောက်ပံ့သွားရန်နှင့် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမေရိကန်အစိုးရက လုပ်ဆောင်သွားမည့် အစီအစဉ်များ ပါဝင်နေသည်ကို တွေ့ရသည်။
ဥပဒေပါအချက်များသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်ကြောင်း၊ NUG PDF များကိုကူညီပေးသွားမည့် အစီအစဉ်များသည် အကြမ်းဖက်အားပေးခြင်းဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များကိုအဖက်ဖက်မှ လုပ်ဆောင်ပေးနေကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက NDAA ဥပဒေကို အပြင်းအထန် ကန့်ကွက်ထားသည်။
ကန့်ကွက်ကြောင်း သံတမန်စာကို ၁၃-၁၂-၂၀၂၂ ရက်တွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှတစ်ဆင့် ပေးပို့ခဲ့ပြီး ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ၁၆-၁၂-၂၀၂၂ ရက်တွင် ဆက်သွယ်၍ တရားဝင် ထပ်မံကန့်ကွက် ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn အား ၁၆-၁၂-၂၀၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)သို့ ဆင့်ခေါ်တွေ့ဆုံ၍ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီကြောင့် သေဆုံးသူပေါင်း ၂၆၆၂ ဦးအထိရှိလာပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ သိရသည်။
ထို့အပြင် ပြည်သူ ၁၇သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း UNICEF Myanmar၏ ထုတ်ပြန်ချက်အရ သိရသည်။