မွေးလူနာများအတွက် ဆေးဝါး အရေးပေါ် လိုအပ်
ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ဆေးရုံများတွင် မွေးလူနာများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ကျန်းမာရေး တာဝန်ခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် ဆေးရုံသုံးလုံး တည်ဆောက်ထားခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါဆေးရုံးများတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် မွေးလူနာများအတွက် ပိုးသတ်ဆေးနှင့် မေ့ဆေးများ လိုအပ်လျက်ရှိသည်ဟု ဒေါက်တာလီမွန်က သံလွင်ခက်ကိုပြောသည်။
“ အဓိက မွေးလူနာတွေပေါ့။ ခါးရိုးထုံဆေး၊ မေ့ဆေး၊ ထိုးဆေး၊ ပိုးသတ်ဆေး၊ အားဆေးတွေက အမြဲလိုအပ်နေတာပေါ့။ အောက်ဆီဂျင်ရှူရတာတွေရှိတော့ အောက်ဆီဂျင်လည်းလိုအပ်တယ် ” ဟု ၎င်းက ပြောသည်။
ဆေးရုံများတွင် ဆရာဝန်တစ်ဦး၊ ဆရာမ နှစ်ဦးနှင့် ကျန်းမာရေးမှူးတစ်ဦး အချိန်ပြည့်ထားရှိပြီး ကုသမှုများပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဆေးရုံများကို ဆောက်လုပ်ထားသည်မှာ ၇ လခန့် ရှိပြီဖြစ်ပြီး ပြည်သူများ၏ အခွန်ဖြင့် ရပ်တည်လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင် ကိုဇော်ထက်က ပြောသည်။
“ ဒီဆေးရုံကိုဆောက်တာက ပြည်သူတွေကို အထောက်အကူပြုအောင်၊ ဝေးဝေးမသွားရအောင် ရည်ရွယ်တယ်။ အဓိကကတော့ အရင်က ပကဖ၊ ပအဖတွေ အခွန်ကောက်တဲ့အထဲက ကျန်းမာရေးအတွက် ၂၀ ရာခိုင်နှုန်းပေးတာ။ Ministry Of Health – MOH က ထောက်ပံ့တာ တစ်လပဲရှိသေးတယ်။ကျွန်တော်တို့လည်း အားလုံးအတွက် အခမဲ့ မတတ်နိုင်တဲ့အတွက် ပြည်သူတွေလာကုရင်ဆေးဖိုးတော့ယူတယ် ” ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုမူ အခမဲ့ ကုသဆောင်ရွက်ပေးနေသည်ဟု ကိုဇော်ထက်က ဆက်ပြောသည်။
ပုလဲမြို့နယ်က ပညာရေး၊ ကျန်းမာရေး ကဏ္ဍ များတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများလည်း လိုအပ်လျက်ရှိသည်ဟု ပုလဲ မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၏ ပညာရေး ၊ကျန်းမားရေးနှင့် စီမံအုပ်ချုပ်ရေးများကို အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းစီမံ ဆောင်ရွက်နေခြင်းဖြစ်သည်။
ပုံစာ – မွေးလူနာတစ်ဦးကို ဆေးကုသမှုပေးနေသည့် မြင်ကွင်း။
Photo – Cj