စစ်ကောင်စီတပ်များ၏ ညအချိန်မတော် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုသည် ဘုရားကျောင်းနှင့်စာသင်ကျောင်းတို့ကို ထိမှန်ခဲ့ပြီး ဖားကန့်ဒေသခံလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုလ ဒီဇင်ဘာ ၂၃ ရက်၊ ည၉နာရီခွဲခန့်တွင် ကချင်ပြည်န ယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းဘက်မှ လက်နက်ကြီး ၁၅ချက်ထက်မနည်းပစ်ခတ်ခဲ့သည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာနှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းလက်နက်ကြီးတစ်လုံးကျရောက်၍ ဆန်ခါရွာဘေးအနီး လုပ်ကွက်ဘေးသို့ လက်နက်ကြီးတစ်လုံးကျရောက်ပေါ က်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူမထိခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ လက်နယ်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် လုံခင်းကျေးရွာအုပ်စု မဇွပ်ယန်ကွက်သစ်စာသင် ကျောင်းအနီးရှိ နေအိမ်ထဲတွင်နေထိုင်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“နှစ်ဖက်ပစ်တာဆိုတော့ ဘယ်ကဆိုတာတော့ပြောဖို့ခက်တယ်ဗျ အဲနားလေးမှာ ကျည်ဆံခွံတွေတော့တွေ့တယ်“ဟုအဆိုပါဒေသခံက သံလွင်ခက်ကိုပြောသည်။
ထိခိုက်ဒဏ်ရာရသည့်လူငယ်မှာ အသက်၁၆နှစ် အရွယ်ခန့်ရှိ မောင်ယောဆန်းဖြစ်ပြီး နောက်ကျောဘက်တွင် ထိရှပေါက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ဒဏ်ရာရသည့်အဆိုပါလူငယ်ကို ဖားကန့်ဆေးရုံသို့ပို့ဆောင်ထားပြီး အသက်အန္တရယ်စိုးရိမ်ရခြင်း မရှိကြောင်းသိရသည်။
မဇွပ်ယန်အကျဉ်းထောင်အနီးရှိ စစ်ကောင်စီတပ်သားများ အခြေစိုက်ရာစခန်းမှ ပစ်ခတ်သည့် သေနတ်သံများသည် ညဆယ်နာရီခွဲခန့်တွင် ရပ်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။
ကျောက်စိမ်းလုပ်ကွက်များနှင့်အနီးတွင်ရှိသည့် လုံးခင်းကျေးရွာအုပ်စုတွင် ယခုလဒီဇင်ဘာလ ပထမအပတ်တွင်း၌လည်း စစ်ကောင်စီတပ်များနှင့်KIAတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။