စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၉ ရက်က ဖိ တ်ကြားခဲ့သည်။
ယင်းဖိတ်ကြားချက်နှင့်ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံပြီးမှသာ NSPNC ၏ ဖိတ်ခေါ်မှုကို လက်ခံမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး စောကျော်ညွန့်က သံလွင်ခက်ကိုပြောသည်။
အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့၏ဥက္ကဌများထံသို့ ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ရက်အတွင်း တွေ့ဆုံဆွေးနွေးရန် NSPNC က ဖိတ်ကြားခဲ့ခြင်း ဖြစ်သ ည်။
NSPNC ၏ဖိတ်ကြားချက်အပေါ် တိုင်းရင်းသားလက်န က်ကိုင် ခုနစ်ဖွဲ့အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများ PPST အဖွဲ့အစည်းအတွင်း ယမ န်နေ့က ဆွေးနွေးပြီးနောက် ထိုသို့အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
၎င်းက “တိုင်းရင်းသားတွေအနေနဲ့ နဂို ကမ်းလှမ်းထားတဲ့အတိုင်းပေါ့လေ။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခင် နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် နေ့ရက်၊ အဆင်ပြေမယ့်နေရာ၊ အဆင်ပြေမယ့်agena (အစီအစဉ်) တွေနဲ့ အလွတ်သဘော ကြိုတင်ညှိနှိုင်းတဲ့ ဖြတ်သန်းမှု တစ်ခုကိုတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက် မေတ္တာရပ်ခံချက်ကို မနေ့ကပဲ ပြန်ကြားထားပါတယ်” ဟု ဒီဇင်ဘာ ၂၄ တွင် ပြောသည်။
NSPNC က တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့သည့် အချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ သီးခြား လိုလားသည့် အချက်များကို တိုင်ပင်ဆွေးနွေးရန် ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။
NSPNC ဖိတ်ကြားထားသည့် အပစ်ရပ် ခုနှစ်ဖွဲ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်ပါတီ (LDU) တို့ ဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်မီ အလွတ်သဘော တွေ့ဆုံရန် အပစ်ရပ် ခုနှစ်ဖွဲ့၏ ကမ်းလှမ်းချက်ကို စစ်ကောင်စီက လိုက်လျောလက်ခံနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
၎င်းက “ဗိုလ်ချုပ်ရာပြည့်နဲ့ သူတို့ သိချင်တာတွေ မေး အစီအစဉ်တွေကို နားထောင်ပြီးတော့ သူတို့ကလည်း သူတို့ ဆန္ဒနဲ့ သဘောထားတွေကို ပြော၊ ပြောပြီးတော့ အဲဒီကနေမှ တစ်စုံတစ်ရာ သဘောပေါက်မှု ရှိလာတဲ့အခါမှာ ဒုတိယအဆင့်ကတော့ စစ်ကောင်စီ ဥက္ကဌနဲ့ တွေ့ဆုံတာ ဖြစ်လာနိုင်ပါတယ်။ အဲဒါကိုလည်း စစ်ကောင်စီအနေနဲ့ လိုက်လျောဖို့ မခက်ခဲဘူးလို့ ယူဆထားတယ်” ဟုဆိုသည်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံရန် ဒီဇင်ဘာ ဒီဇင်ဘာလ ၇ ရက်တွင် တောင်းဆိုခဲ့သည်။
ဒီဇင်ဘာ ၉ ရက်တွင် စစ်ကောင်စီဘက်က တွေ့ဆုံရန် အဆင်သင့်မဖြစ်သေးဟု ငြင်းပယ်ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့သည် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခုနှစ်အတွင်း နှစ်ကြိမ်စီ တွေ့ဆုံထားသည့် အဖွဲ့များလည်းဖြစ်သည်။
ပုံစာ – စစ်ကောင်စီခေါင်းဆောင်နှင့် KNU/KNLA PC ခေါင်းဆောင်တို့ တွေ့ဆုံသည့်မြင်ကွင်း (ပုံဟောင်း)