အိမ်ခြေ ၅၀၀ ကျော်ရှိ ပျံကျရွာကို ရွာလုံးကျွတ် မီးရှို့ပြီးနောက် စစ်ကြောင်းထပ်ထိုးလာ၍ ဒီပဲယင်းမြို့အနီးရှိ ကျေးရွာ ၅ ရွာခန့်မှ ပြည်သူများ ထွက်ပြေးနေရ
ဒီဇင်ဘာ ၂၆ ၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အနောက်တောင်ခြမ်းရှိ ပျံကျရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီပဲယင်းမြို့ထဲပြန်ဝင်သွားသည့် စစ်ကြောင်းသည် ယနေ့နံနက်ပိုင်း၌ ကျေးရွာများဘက်ထပ်မံစစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၅၀ ဦးဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ယနေ့နံနက်အစောပိုင်း၌ ဒီပဲယင်းမြို့အနီးရှိ ခွန်တောင်း၊ ပုဂံ၊ ယင်းတွေ၊ နတ်ကြီး အစရှိသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံပြည်သူများ ထွက်ပြေးနေကြရသည်ဟု သိရသည်။
” သူတို့က ပျံကျရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးနောက် အခုစစ်ကြောင်းထပ်ထိုးနေတာ။ အခုက ဘယ်ရွာတွေဝင်နေလည်းဆိုတာတော့ အတိအကျမသိရသေးဘူး ” ဟု ဒေသခံတစ်ဦးက ယနေ့နံနက် ၉နာရီခွဲကျော်အချိန်တွင် ပြောသည်။
ယခုလ ဒီဇင်ဘာ၂၂ ရက်တွင် ဒီပဲယင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ရေဦးမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပျံကျကျေးရွာကို နှစ်ရက်ဆက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရသည်။
” ပျံကျ အိမ်ခြေက ကွဲလွဲမှုရှိနေတယ်။ ကျွန်တော်သိတာက ၅၀၀ ဝန်းကျင်ပဲရှိတာ။ သူတို့က ၇၀၀ ကျော်ပြောနေလို့။ မြို့နယ်ကိုမေးကြည့်တော့လည်း ၅၀၀ ဝန်းကျင်ပဲ။ ရပ်ကျေးတွေ စာရင်းကောက်ခိုင်းထားတာလည်း စစ်ကြောင်းနဲ့ မကောက်နိုင်ဖြစ်တာပေါ့ဗျာ “ဟု စစ်ရှောင်များကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးကပြောသည်။
အိမ်ခြေ ၅၀၀ နှင့် ၇၀၀ ကြားဝန်းကျင်ရှိ ပျံကျရွာသည် ပြီးခဲ့သော ဇူလိုင်လ ၇ ရက်တွင် ပထမအကြိမ် မီးရှို့ဖျက်ဆီးခံထားရပြီး နေအိမ် ၂၇ လုံးမီးလောင်ပျက်စီးခဲ့ရသည်။ ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရပြီးနောက် ၅လ ကျော်အကြာ၌ ယခုအကြိမ်မီးရှို့ဖျက်ဆီးခံရမှု၌ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု ပျံကျရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ ( မှော်ဘီရန်ကုန်ထူးကြီးတပ်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုံစမ်းသိရှိရ ) တပ်တို့ ပေါင်း၍ အင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းက ယခုဒီဇင်ဘာလ ၁ ရက်မှစ၍ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှဒီပဲယင်း ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဒီဇင်ဘာ ၁ရက်မှ ၁၀ ရက်အထိ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို ဆယ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ ၁၉ ရွာမှနေအိမ် ၁၇၀၀ ကျော် ပြာကျခဲ့ရသည်။
ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ရက်အထိ စာရင်းများအရ နေအိမ် ၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့က ဖော်ပြထားရာ ယခုနောက်ဆုံး ရွာလုံးကျွတ်မီးရှို့ခံလိုက်ရသည့် ပျံကျရွာ အိမ်ခြေများနှင့်ပေါင်းလျင် အိမ်ခြေ ၃၅၀၀ ကျော်အထိ မီးလောင်ပျက်စီးထားခဲ့ရပြီဟု သိရသည်။