ပဲခူးရိုးမ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိများ အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံး
*************************************
သံလွင်ခက်။
ဒီဇင်ဘာ ၂၄၊ ၂၀၂၂။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦး အပါအဝင် အခြားအဆင့် (၂၀) ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့တွင် ထုတ်ပြန်သည်။
ပဲခူးရိုးမအတွင်း တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ နှင့် စစ်ကောင်စီတပ်များကြား ဒီဇင်ဘာ ၁၅ နေ့ မှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တောင်ငူခရိုင် PDFတပ်ရင်း ၃၅၀၁ မှ တပ်ဖွဲ့ဝင် ( ၃ ) ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ( မစိုးရိမ်ရ ) ရရှိခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အမ်အေ-၂ စက်သေနတ် (၁) လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် (၂) လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် (၂) လက်၊ ၆၀-မမ ဗုံးသီး (၁) ခု၊ အာပီဂျီ ဗုံးသီး (၁) ခု နှင့် ကျည်မျိုးစုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုး စစ်ဆင်ရေးဆောင်ရွက်နေသည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူ ( ၁၀၀၀ ) ဦးထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။