ငလျင်ဒဏ်ခံထားရသော စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် ကြခတ်ရွာ ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကိုရင်သုံးပါး ပျံလွန်တော်မှုခဲ့ပြီး ဘုန်ကြီးကျောင်းသား နှစ်ဦးသေဆုံးခဲ့သည်ဟု ဒီပဲယင်းဒေသခံများထံမှ သိရသည်။
“ကိုရင်လေးတွေကတော့ အသက်တောင် ခန့်မှန်းလို့ မရတော့ဘူး။ တစ်စစီ ဖြစ်သွားတာ။ သူတို့က ကျောင်းအောက်မှာဆိုတော့ တည့်ကျတဲ့ပုံ ရပါတယ်။ ရုပ်အလောင်းကတော့ ကျောင်းသားနှစ်ယောက်က ပီပြင်သေးတယ်။ ကိုရင်လေးတွေကတော့ ဗြောင်းဆန်ကုန်တယ်” ဟု ဒီပဲယင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကြခတ်ရွာသည် ဒီပဲယင်းမြို့၏ တောင်ဘက်တွင် တည်ရှိပြီး ကားဖြင့် မိနစ်၂၀ ဝန်းကျင်ခန့်သာ မောင်းသွားရသည့် အကွာအဝေးတွင် တည်ရှိကာ တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် နယ်မြေတစ်ခုဖြစ်သည်။
စစ်ကောင်စီ၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုအား ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အား ဖုန်းဖြင့် ဆက်သွယ်မေးခဲ့ရာတွင် ပကဖ ခေါင်းဆောင် ကိုအေးမင်းစိုးမှ လေကြောင်းတိုက်ခိုက်မှု မှန်ကန်ကြောင်း အတည်ပြုပြောသည်။
စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဧပြီလ ၂ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၁ ရက်တိတိ ယာယီအပစ်ခတ်ရပ်စဲမည်ဟု ကြေညာထားပြီးသော်လည်း စစ်ရေးတင်းမာမှုမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ အပြစ်မဲ့ ပြည်သူများအား မကြာခဏဗုံးကြဲတိုက်ခိုက်နေသည်။
ငလျင် စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှ ၇၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၀၅ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရ သိရသည်။
သံလွင်ခက်မှ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ဖြစ်စဉ်များကို ဆက်လက်စုံစမ်းလျက်ရှိသည်။
ပုံစာ- ဒီပဲယင်းမြို့နယ်၊ ကြခတ်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ (ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ)





