အမီးလေး
ငလျင်ဘေးသင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့နယ် စစ်ရှောင်များ နေထိုင်ရာ အင်ပင်လှရွာအား ယမန်နေ့ ဧပြီလ ၁၀ ရက်က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kawlin People Defense Force-KPDF မှတာဝန်ရှိသူက ပြောသည်။
ယမန်နေ့ နေ့လယ် ၁:၄၀ နာရီတွင် စစ်ရှောင်ပြည်သူများ ရှိနေသည့် စာသင်ကျောင်းကို တစ်လုံး၊ စာသင်ကျောင်းအနီးက လူနေအိမ်ကို တစ်လုံး စုစုပေါင်း လေကြောင်းမှ ဗုံး နှစ်လုံးကြဲချခဲ့ခြင်း ဖြစါသည်ဟု ၎င်းက ပြောသည်။
“လေကြောင်း တိုက်ခိုက်မှုမှာ သမီးငယ်လေး တစ်ဦး သေဆုံးသွားတယ်ဗျာ။ ငါးဦးကတော့ ထိခိုက် ဒဏ်ရာ ရတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်၊ အခြေအနေ။အားလုံးပေါင်း ထိခိုက်ဒဏ်ရာရတာကတော့ ခြောက်ဦးပေါ့” ဟု ၎င်းက ဆိုသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် သက်လတ်ပိုင်းအမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် အင်ပင်လှကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ထပ်မံ၍ တခြားနေရာသို့ စစ်ရှောင်နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင်လည်း ကောလင်းခရိုင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၄ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု ၅၈၀၀ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ISP Myanmar စာရင်းများအရ သိရသည်။
ပုံစာ-ဧပြီလ ၁၀ ရက်တွင် စစ်ရှောင်များ နေထိုင်သည့် အင်ပင်လှရွာအား စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုများနှင့် ပျက်စီးမှုများအား တွေ့ရစဉ်။





