စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အရေးပေါ်တုံ့ပြန်နိုင်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်း မတည်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
“လုပ်ငန်းအဖွဲ့ ၈ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ငလျင်ဘေးအရေးပေါ် တုံ့ပြန်ရေးအတွက် USD တစ်သန်းနဲ့ ညီမျှတဲ့ ကျပ်ငွေနဲ့ ကူညီထောက်ပံ့မှုတွေ စတင်ခဲ့ပါတယ်။ ထိခိုက်မှုဖြစ်တဲ့ နေရာတွေကိုလည်း ခွဲခြားခြင်းမရှိဘဲနဲ့ အရေးပေါ် အကူအညီတွေ ပေးအပ်ခဲ့ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ငလျင်အရေးပေါ် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြောသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ဧပြီလ ၁၂ ရက်တွင် Zoom ဖြင့် အွန်လိုင်းမှ ပြုလုပ်ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ငလျင်အရေးပေါ် တုံ့ပြန်ရေး ငလျင်ဘေးဒဏ်ခံရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွက် ကျပ် ၆ ဒဿမ ၃ သန်း နှင့် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် အသုံးပြုကာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သုံးစွဲထားသည်ဟု သိရသည်။
“အလှူငွေအနေဖြင့် USD တစ်သန်း ရရှိထားပါတယ်။ အဲဒီထဲမှာမှ USD တစ်သိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီးဖြစ်တယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ထို့အပြင် အလှူငွေ ကျပ် သုံးဘီလီယံနီးပါးခန့် လက်ခံရရှိထားပြီး ငလျင်ဘေးဒဏ်သင့် ပြည်နယ်နှင့် တိုင်း ငါးခု အတွက် ကျပ် နှစ်ဘီလီယံနီးပါးခန့် သုံးစွဲထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ ငွေကြေးပမာဏသည့် ငလျင်ဒဏ်ခံစားရသည့် မြို့နယ် ၄၀ ကျော်မှ အိမ်ထောင်စုပေါင်း ၆၂၀၀ ကျော်အား ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
“ငလျင်နဲ့ ပတ်သတ်ပြီး ဖြစ်တဲ့ နေ့မှာပဲ တောက်လျှောက်ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရှိပါတယ်။ ချက်ချင်းအစည်းအဝေးခေါ်ပြီး မြေပြင်မှာ ရှိနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ PDF တွေနဲ့ အရေးပေါ် စာရင်းကောက်ယူရေး ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
သို့သော် NUG အနေဖြင့် ၎င်းတို့၏ စိုးမိုးနယ်မြေတွင် ရှိသည့် ပြည်သူများအား ထိထိရောက်ရောက် ကူညီနိုင်သော်လည်း စစ်ကောင်စီလက်အောက်တွင် ရှိသည့် ပြည်သူများအား ထိထိရောက်ရောက် ကူညီနိုင်ခြင်းမရှိသေးဟု ဆိုသည်။
မတ်လ ၂၈ ရက်တွင် ရစ်ချ်တာစကေး ၇ ဒဿမ ၇ ပြင်းအားဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီ ၁၁ ရက်အထိ သေဆုံးသူ ၄၁၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၇၀၀ ကျော်ရှိကာ ပျောက်ဆုံးသူ ၃၅၀ ကျော်ရှိသည်ဟု NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပုံစာ – မန္တလေးရှိ ပြိုကျအဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – သံလွင်ခက်)