ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ကြောတွင် စစ်ကောင်စီတပ်ဘက်မှ ရှေ့ဆက်တိုးလာသောကြောင့် ယနေ့နံနက်တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
မြေပြင်ရဲဘော်တစ်ဦးက “ဒေါနတောင်ကြောပေါ်မှာ ထိတွေ့မှုတွေဖြစ်တယ်။ တိုက်ပွဲ ပြင်းထန်တယ်။ စစ်ကောင်စီဘက်က တိုးလာတာပါ။ ဒီကောင်တွေ မိုင်းတွေလည်း နင်းမိတယ်။ စနိုက်ပါလည်းထိတယ်။ အခုလက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” ဟုဆိုသည်။
ကော့ကရိတ်ဘက်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီဘက်မှ အင်အားထပ်ဖြည့်ကာ လက်နက်ကြီးများပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ရှိခဲ့သည်။
“ကျွန်တော်တို့မြေပြင်မှာကတော့ တိုက်ပွဲပြင်းထန်နေတယ်ပေါ့နော်။ ကော့ကရိတ်ဘက်မှာ တိုက်ပွဲစကတည်းက စပြီးတော့ အခုအချိန်အထိ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်လိုက်ရတဲ့ ညီအစ်ကိုရဲဘော်တွေ ရှိတယ်ပေါ့နော်” ဟု အဆိုပါရဲဘော်က ဆက်ပြောသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က စုဆောင်းထားသည့်လပြည်သူ့စစ်များကို စစ်သင်တန်းကာလ ၃ လပေးပြီး မြဝတီကိုထိုးစစ်ဆင်သည့် အောင်ဇေယျစစ်ကြောင်းအတွင်းသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
အဆိုပါတပ်သားသစ်များမှ သင်တန်းအပတ်စဥ် ၆ အထိ တပ်သားများသည် ပူးပေါင်းတပ်ဖွဲ့ထံသို့ မကြာခဏဆိုသလို လက်နက်နှင့်အတူ အလင်းဝင်ခြင်း၊ ထွက်ပြေးလာခြင်းများ ရှိခဲ့သည်။
ကော်ဘရာတာဝန်ရှိသူတစ်ဦးက “အောင်ဇေယျဘက်ကနေဆိုရင် သူတို့ အလင်းဝင်လာတဲ့ ရဲဘော်တွေ အများအပြား ရှိတယ်။ ဒီအခြေအနေက ဘယ်လိုကွာခြားချက်ရှိလဲဆိုတော့ ဟိုအရင်က စစ်သားဟောင်းတွေ တ/ တွေပေါ့နော်။ အခုအဲဒီလူတွေက ပစတွေဖြစ်တဲ့ ပြည်သူ့စစ်တွေကို ထိန်းသိမ်းအုပ်ချုပ်တယ်ပေါ့။ အဲဒီမှာ အနိုင်ကျင့်ဗိုလ်ကျတာတွေ ရှိတယ်။ ပြီးလို့ရှိရင် ဒီစစ်ဆင်ရေးကို မကျွမ်းကျင်သေးတဲ့ ရဲဘော်တွေကို အတင်း ရှေ့တန်းကို တက်ခိုင်း၊ အတင်းတိုးခိုင်း၊ အတင်းလုပ်ခိုင်းတဲ့အပေါ်မှာ ရဲဘော်တွေက အဲဒီဖိအားတွေ၊ ဒဏ်တွေကို မခံနိုင်ဘဲနဲ့ တောက်လျှောက်ပြေးလာကြတယ်ပေါ့နော်” ဟု ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ မစ်ဇိုင်းများပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ပုံစာ – ရှေ့တန်းတစ်နေရာမှာ မြင်တွေ့နေရသည့် ကော်ဘရာတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – သံလွင်ခက်)