![]()
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီ၏ အထိုင်ဂိတ် မတ်လ ၃ ရက်တွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု Myingyan Black Tiger (MBT) အဖွဲ့ ဦးဆောင်သူ ဗိုလ်မိုက်ခဲက ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း မြင်းခြံမြို့ပေါ် အမှတ် (၁၈) ရပ်ကွက်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သား လေးဦး ကျဆုံးခဲ့သည်ဟု MBT တာဝန်ရှိသူ ဗိုလ်မိုက်ခဲက အတည်ပြုသည်။
“အခုတော့ အဲဒီဂိတ်မှာ xxxတွေ မရှိတော့ဘူးလို့ ကျနော်တို့ သိထားတယ်ပေါ့နော်။ အင်အားကတော့ ၁၅၊ ၂၀ ဝန်းကျင်ပဲ ရှိတယ်။ များတော့ မများဘူး။ အဲဒီမှာက ပျူစောထီး တစ်ခါတလေ ရှိတယ်။ ရဲတွေလည်း လာတယ်။ စကစ စစ်သားတွေလည်း လာတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု MBT က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်လ ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း မြင်းခြံမြို့ အမှတ် (၁၈) ရပ်ကွက်ကို MBT နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု MBT ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ- Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တွေ့မြင်ရပုံ (ဓာတ်ပုံ – Myingyan Black Tiger)
