ရုရှားရောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် သူနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ မဟာမိတ်ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဗျာဒိတ်တော်ပေးခဲ့သည်ဟု ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်သည် ရုရုားသမ္မတနှင့်တွေ့ဆုံချိန်တွင် မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံပါဠိဆရာကြီး ဦးစောရေးသားခဲ့သည့် “ဦးအောင်ဇေယျအတ္ထုပ္ပတ္တိ” စာအုပ်မှ ဗျာဒိတ်တော်လာ ကြွက်မင်းအကြောင်းကို ကိုယ်တိုင်ရွတ်ဖတ်ကာ ရုရှား-မြန်မာ ချစ်ကြည်ရေးခိုင်မာကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မြတ်စွာဘုရားက ချစ်သား အာနန္ဒာ -ဤသောမကြွက်မင်းသည် ငါဘုရားသာသနာတော်အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့လက်ထက်တွင် ရုရှားလူမျိုးဖြစ်လတ္တံ့။ ထိုရုရှားလူမျိုးမင်းသည် လက်နက်စကြာအမျိုးမျိုးတတ်မြောက်၍ လက်နက်စကြာရှင်ဖြစ်လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်ကြလတ္တံ့” ဟု ၎င်းစာအုပ်တွင် ပါရှိသည့် စားသားကို ရွတ်ဖတ်၍ စစ်ခေါင်းဆောင်က ရုရှား-မြန်မာချစ်ကြည်ရေးအကြောင်းကို ချီးမွန်းခန်းဖွင့်သည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်သည် ထူးထူးခြားခြားတိုက်ဆိုင်နေသည်ဟုလည်း ဆိုသည်။
ရုရှားသမ္မတမှလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးဖြစ်ထွန်း၍ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများပါရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီနှင့် ရုရှား စီးပွားရေးဝန်ကြီးတို့ နားလည်မှုစာချွန်လွှာ (MOU) အား ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ရေနက်ဆိပ်ကမ်းတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး နျူကလီးယားလျှပ်စစ်စက်ရုံတည်ဆောက်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့အကြား ပြီးခဲ့သည့်နှစ်များတွင် ကြိုတင်သဘောတူထားခဲ့သည်။
အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား မြန်မာ၊ ထိုင်းနှင့် ဂျပန် သုံးနိုင်ငံ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၈ ဒဿမ ၆ ဘီလီယံ အကုန်ကျခံ တည်ဆောက်ရန် ၂၀၀၈ ခုနှစ်မှ စတင် သဘောတူခဲ့သည်။ သို့သော် ၁၆ နှစ်နီးပါးအကြာအထိ လုပ်ငန်း မလည်ပတ်နိုင်သေးသည့် ထားဝယ်ရေနက်ဆိပ်ကမ်းအား စစ်ကောင်စီသည် ရုရှား၏ အကူအညီဖြင့် ပြန်လည် စတင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ပုံစာ- မြန်မာစစ်ခေါင်းဆောင်သည် ဗျာဒိတ်တော်လာ ကြွက်မင်းအကြောင်း ချီးမွန်းခန်းဖွင့်ရန် သမ္မတပူတင်အား ၂၀၂၅ မတ်လ ၄ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံစဉ်က စာအုပ်ကမ်းပေးနေစဉ် (ဓာတ်ပုံ-REUTERS)