အမီးလေး
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု အညာမြေ တပ်ပေါင်းစုမှ သိရသည်။
အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူက “အခုမနက်မှာ မြိုင်နယ်အနောက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ပစ်နေပါတယ်။ သုံးကြိမ်တိတိပစ်ခတ်ပါတယ်။ ဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံးနဲ့ကြဲချပါတယ်။ ကျောင်းမှာ နေထိုင်တဲ့ အမျိုးသား နှစ်ဦး ထိခိုက်ပါတယ်၊ပြင်းပြင်းထန်ထန် ဒဏ်ရာရပါတယ်” ဟု ပြောသည်။
ယနေ့ ဗုံးကြဲတိုက်ခိုက်မှုတွင် ဆင်စိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအား ထိမှန်ပြီး ဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားစေတီနှင့် ကားများ ပြိုကျပျက်စီးသွားသည်ဟု သိရသည်။
ထို့အပြင် မတ်လ ၃ ရက်တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် ကြားရှိ ရေနံမှော်အနီးတို့အား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ၁၅ ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“သေဆုံးသူတွေမှာ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်နဲ့ အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ ရေနံလုပ်သားတွေဖြစ်တယ်။ သေဆုံးသူတွေကို နေ့ချင်း သင်္ဂြိုလ်ပြီး သက်ဆိုင်ရာမိသားစုတွေကို ရှာဖွေအကြောင်းကြားထားပါတယ်” ဟုဆိုသည်။
သေဆုံးသွားသူများထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးနှစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား နှစ်ဦးတို့ ဗုံးထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း မြိုင်မြို့နယ်၊ ဆုံကုန်းရွာရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်နေသည့် မင်္ဂလာဆောင်ပွဲ တစ်ခုအား စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးမထက်မနည်း သေဆုံးခဲ့ရသည်။
ပုံစာ-ယနေ့နံနက်က လေကြောင်းဗုံးကြဲခံခဲ့ရသည့် မြိုင်မြို့နယ် ဆင်စိန်ရွာရှိ ဘုန်းကြီးကျောင်း မြင်ကွင်း။




