တစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့နှင့် စစ်ရေးဖော်ဆောင်မှုများအပေါ် လိုက်ပါဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းမျိုးမျိုးကြောင့် တပ်ရင်းတပ်ဖွဲ့များ နှုတ်ထွက်မှုရှိနေသည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့များပြုလုပ်၍ စစ်ရေးဖော်ဆောင်မှုအခြေအနေများပေါ် မူတည်ပြီး လက်နက်တပ်ဆင်ပေးမှုများလည်း ရှိသည်ဟု ဦးနေဘုန်းလတ်မှ ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပါးခြင်းအစီအစဉ်မှတဆင့် ပြောခဲ့သည်။
“ဒီလိုအခြေအနေမျိုးပေါ် လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိလို့ဖြစ်စေ၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain of Commend အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းတပ်ဖွဲ့အချို့ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စစ်သည်တော် ကျင့်ဝတ်နှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် တပ်ရင်းတပ်ဖွဲ့များလည်း ရှိသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်တွင် NUG ၏ တောင်ပိုင်းစစ်ဒေသ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လှုပ်ရှားသည့် ကျားဖြူ နှင့် ဂဠုန်စစ်ကြောင်းတို့နှုတ်ထွက်ခဲ့ကြသည်။
ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်တွင် လှုပ်ရှားသည့် အမှတ် (၁၀၀၅) တပ်ရင်း ၊ အမှတ် (၁၀၀၈) တပ်ရင်းတို့သည်လည်း NUG ၏ လက်အောက်မှ နှုတ်ထွက်ခဲ့ကြသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း တပ်ရင်းတပ်ဖွဲ့များ နှုတ်ထွက်ခြင်းသည် အကြောင်းအရင်းတစ်ခုထက်မက ရှိနိုင်သည်ဟု ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းတွင် ပြောဆိုခဲ့သည်။