ဘုန်းမောင်
၃ ဖေဖော်ဝါရီ၊ ၂၀၂၅။
မြန်မာပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်တဲ့ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်ကဖြုတ်ချပြီးအာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၄ နှစ်ကျော်လို့ ၅ နှစ်ထဲရောက်လာခဲ့ပါပြီ။ အရပ်သားအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံအနှံ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် လူငယ်အများအပြားက လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ခဲ့ကြပါတယ်။ အဲဒီနောက် ပိုင်းမှာတော့ တိုင်းပြည်ကိုချွတ်ခြုံကျစေတဲ့ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်က လက်ရှိအချိန်ထိ ထောင်သွင်းအကျဥ်းချထားတဲ့အပြင် မရေတွက်နိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေကိုပါ မြန်မာစစ်တပ်ကဖမ်းဆီးချုပ်နှောင်ထားပါတယ်။ လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံဟာ အနိမ့်ကျဆုံးသောအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ပွဲတွေက စီးပွားရေးအကျပ်အတည်းတွေဖြစ်ပေါ်စေခဲ့တဲ့အပြင် တိုင်းပြည်ရဲ့ကျန်းမာရေးနဲ့ ပညာရေးစနစ်ကိုလည်း ပျက်စီးစေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာ့လူဦးရေထက်ဝက်လောက်ဟာ ဆင်းရဲတွင်းထဲနေထိုင်နေရပြီး အာ ဏာမသိမ်းခင်ကထက် ၂ ဆတိုးလာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားပေးကွန်ရက်တွေ ပျက်စီးယိုယွင်းလာနေတဲ့အတွက် နေရာအနှံ့ လျှပ်စစ်မီးပြတ်တောက်ကုန်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၅,၀၀၀ ကျော်သတ်ဖြတ်ခံထားရပြီး တိုက်ပွဲတွေကြောင့် လူပေါင်း ၃ ဒဿမ ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လူပေါင်း ၂၇,၀၀၀ ကျော်ကို မြန်မာစစ်ကောင်စီကဖမ်းဆီးထားပြီး ထောင်သွင်းအ ကျဥ်းချခံထားရသူတွေဆိုရင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှုတွေနဲ့ရင်ဆိုင်နေရပါ တယ်။
၄ နှစ်တာကာလကိုပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်သားပြည်သူတွေကနေပေါက် ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေအပါအဝင် အတိုက်အခံအင်အားစုတွေက မြန်မာစစ်ကောင်စီအပေါ် အောင်ပွဲများစွာရရှိထားပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာစစ်ကောင်စီဟာ တိုင်းပြည်ရဲ့ထက်ဝက်ကိုတောင် ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ပါဘူး။ မကြာသေးတဲ့ကာလတွေတုန်းကဆိုရင်လည်း မြန်မာစစ်တပ်ဟာ ဗျူဟာမြောက်ဆုံးရှုံးမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့အတွက် စစ်ခေါင်းဆောင်တွေဟာ ကြီးမားတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကာလတွေမှာ ဆီးရီးယားမှာရှိတဲ့ အာဆတ်အစိုးရရုတ်တရက်ပြိုလဲသွားခဲ့တဲ့အတွက် မြန်မာစစ်ကောင်စီကလည်း အာဆတ်အစိုးရလို ပြိုလဲသွားနိုင်မလား. . . . . .?ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပြည်တွင်းစစ် ၅ နှစ်သက်တမ်းထဲရောက်ရှိလာချိန်မှာတော့ တိုင်းပြည်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးနိုင်တဲ့ အရေးပါတဲ့ စောင့်ကြည့်စရာ အချက်၂ ချက်ရှိနေတာ တွေ့ရပါတယ်။ အဲဒီအချက် ၂ ချက်က အတိုက်အခံတွေရဲ့ စစ်မြေပြင်အောင်ပွဲ တွေနဲ့ စီးပွားရေးကျဆင်းမှုအခြေအနေတွေပါ။
စစ်မြေပြင်ဖိအား
၂၀၂၃ ခုနှစ်နှောင်းပိုင်းကာလတွေမှာတော့ မြန်မာစစ်တပ်ကိုဆန့်ကျင်နေတဲ့ အတိုက်အခံညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ပွဲတွေမှာအောင်မြင်မှုတွေရရှိခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီအပစ်အခတ်ရပ်စဲရေးကလည်း ဇွန်လနှောင်းပိုင်းမှာအဆုံးသတ်သွားခဲ့ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့မှာပါဝင်တဲ့ မြန် မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ကုန်သွယ်ရေးမှာအချက်အခြာဖြစ်တဲ့လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းနဲ့အတူ စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လည်း အတိုက်အခံတွေလက်ထဲကျရောက်ခဲ့ ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတော်ကို နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာစစ်တပ်မှာ တိုင်းစစ်ဌာနချုပ်ပေါင်း ၁၄ ခုအထိရှိခဲ့ပြီး လားရှိုး ရမခ ကျဆုံးမှုက ပထမဆုံး အကြိမ် ကျဆုံးခြင်းလည်းဖြစ်ခဲ့ပါတယ်။
မကြာသေးတဲ့ကာလအတွင်းမှာပဲ မြန်မာစစ်တပ်နဲ့ MNDAA ကြား နောက်ထပ်အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ သက်ဆိုင်ရာအဖွဲ့ ၂ ဖွဲ့ကြား ဘယ်လိုကတိကဝတ်တွေနဲ့ ဘယ်လိုအပစ်အခတ်ရပ်စဲခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ တရားဝင် လူသိရှင်ကြား ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် လားရှိုးနဲ့ရမခကို MNDAA ကပဲ ဆက်ပြီးထိန်းချုပ်ထားမယ်ဆိုရင် တော့ အင်အားချိန်ခွင်လျှာကပြောင်းလဲမှာမဟုတ်ပါဘူး။
ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ နောက်ထပ်တိုင်းစစ်ဌာနချုပ်တစ်ခုကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှာပါဝင်တဲ့ အာရက္ခတပ်တော် – AA လက်ထဲကျရောက်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ AA ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၃ မြို့နယ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေအဆုံးသတ်နိုင်ရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ အာရက္ခတပ်တော်က မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာပြုလုပ်ခဲ့တဲ့ အဓိကကျတဲ့လေ့လာမှုတစ်ခုမှာတော့ မြန်မာစစ်တပ်က နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကို သာ အပြည့်အဝထိန်းချုပ်ထားနိုင်တော့တယ်လို့ BBC ကအကဲဖြတ်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ အခြားသောအတိုက်အခံတွေက နိုင်ငံဧရိယာရဲ့ ၄၂ ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်သလို ကျန်နေသေးတဲ့ဒေသ တွေကိုထိန်းချုပ်နိုင်ဖို့အတွက် နှစ်ဖက်စလုံးကကြိုးပမ်းနေကြပါတယ်။
မြန်မာစစ်တပ်ကတော့ အရပ်သား၊ စစ်သားရယ်လို့မခွဲခြားတော့ဘဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ အတူ စစ်ကောင်စီထိန်းချုပ်မှုပြင်ပမှာရှိနေတဲ့ဒေသတွေကိုတော့ စစ်တပ်ရဲ့လုပ်ရိုးလုပ်စဥ်ကိစ္စတစ်ခုဖြစ်တဲ့ “မြေလှန် ” စနစ်နဲ့ မြန်မာစစ်တပ်က အပြင်းထန်ဆုံးဆောင်ရွက်နေပါတယ်။ လေကြောင်းစွမ်းအင်က အတိုက်အခံအင်အားစု တွေကိုချေမှုန်းမယ့် အဓိကအားသာချက်တစ်ခုအဖြစ် ရှိနေပါတယ်။
စီးပွားရေးအကြပ်အတည်း
အာဏာသိမ်းကာလ ၄ နှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေက ဘယ်လောက်အထိကျရှုံးသွားခဲ့တယ်ဆိုတာကို လည်း အားလုံးက မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေးနဲ့ ငွေကြေးကြပ်တည်းမှုဒဏ်ကို အပြည့်အဝရင်ဆိုင်နေရပါတယ်။
မကြာသေးတဲ့ဆယ်စုနှစ်တွေအတွင်းရရှိထားတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ အာဟာရနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေက လျင်မြန်တဲ့အဟုန်နဲ့ ရုတ်ခြည်း ပြောင်းပြန်ဖြစ်ကုန်ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ လူလတ်တန်းစားတွေ ကွယ်ပျောက်သလောက်ဖြစ်နေပြီး ဆင်းရဲတွင်းနက်ရှိုင်းလာပါတယ်။ မြန်မာ့လူဦးရေရဲ့ ၄ ပုံ ၃ ပုံ ကတော့ အခြေခံလိုအပ်ချက်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရပါတယ်။
နိုင်ငံတွင်းမှာရှိတဲ့ လူငယ်အများစုကတော့ နိုင်ငံရပ်ခြားကိုထွက်ပြေးတာ တော်လှန်ရေးတပ်ဖွဲ့တွေဆီဝင်ရောက်တာ ဒါမှမဟုတ်ရင်လည်း အန္တရာယ်ရှိတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ စွန့်စွန့်စားစားဝင်ရောက်လုပ်ကိုင်နေကြ ရပါတယ်။ ပိုပြီးဆိုးရွားလာတဲ့ကိစ္စတစ်ခုကတော့ စစ်မြေပြင်မှာဆုတ်ယုတ်နေတဲ့အင်အားတွေကိုဖြည့်တင်းနိုင်ဖို့ ပြီးခဲ့ တဲ့ဖေဖော်ဝါရီလမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့တာပါပဲ။ စစ်မှုထမ်းဥပဒေကိုမလိုက်နာသူတွေအနေနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရနိုင်ပါတယ်။
အာရက္ခတပ်တော်ရဲ့အောင်မြင်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့နေရာအတော်များများ ကို အဆက်အသွယ်တွေဖြတ်တောက်ပစ်လိုက်တဲ့အတွက် လူပေါင်း ၂ သန်းနီးပါးကိုထိခိုက်စေနိုင်တဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒစ်ဂျယ်တယ်ကျယ်ပြန့်မှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့ ဇန်နဝါရီလအစောပိုင်းမှာပဲ စစ်ကောင်စီက ဆိုက်ဘာလုံခြုံ ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီလိုပြဋ္ဌာန်းလိုက်တဲ့အတွက် VPN အသုံးပြုတာ ဒါမှမဟုတ် တားမြစ်ထားတဲ့ဝဘ် ဆိုဒ်တွေကနေ သတင်းအချက်အလက်မျှဝေတာနဲ့ အခြားပြစ်မှုများစွာအတွက် ထောင်ဒဏ်အပြစ်ပေးခံရနိုင်ပါတယ်။
ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် အခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူရပါမယ်။ အာဆီ ယံအနေနဲ့ မြန်မာ့အကြပ်အတည်းဖြေရှင်းရာမှာ အနည်းငယ်သာဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့အစီအစဥ်တွေကိုတော့ လက်မခံသေးပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာပိုင်းဆိုင်ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေရှိ လာမှာသေချာပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီက မြန်မာနိုင်ငံရဲ့နယ်စပ်ဒေသအနည်းငယ်ကိုသာ ထိန်းချုပ်ထား နိုင်တော့ပေမယ့် နယ်စပ်လုံခြုံရေးနဲ့ပတ်သက်တဲ့ ဒေသတွင်းဆွေးနွေးပွဲတွေတက်ရောက်ဖို့ စစ်ကောင်စီရဲ့နိုင်ငံခြား ရေးဝန်ကြီးကို ထိုင်းနိုင်ငံက မကြာသေးခင်ကပဲ ဖိတ်ခေါ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ဖိတ်ကြားချက်က အာဆီယံဘုံ သဘောတူညီချက်ဖြစ်တဲ့ 5 PC အပေါ်ချိုးဖောက်ရာရောက်ပါတယ်။
အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးပွားရေးကျဆင်းလာမှုက မတည်ငြိမ်မှုတွေကို ပိုပြီးဖြစ်ပေါ်စေနိုင်သလို အိမ်နီးချင်းနိုင်ငံတွေ ဆီ ရွှေ့ပြောင်းအခြေချဖို့ တွန်းပို့တာနဲ့တူတူပါပဲ။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား သန်းနဲ့ချီလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေများပြားလာနေသလို အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုတွေလည်း ပိုပြီးများပြားလာခဲ့ပါ တယ်။
မြန်မာနိုင်ငံ ပြိုကွဲသွားနိုင်သလား
တိုင်းပြည်ရဲ့ မီးလောင်လွယ်တဲ့အခြေအနေတွေကြောင့် မြန်မာစစ်အာဏာရှင်တွေရဲ့အာဏာချုပ်ကိုင်ထားမှုက မနှစ်က ပြိုလဲသွားခဲ့တဲ့ ဆီးရီးယားနိုင်ငံရဲ့အာဆတ်အစိုးရလို ရုတ်တရက်ပြိုလဲသွားနိုင်ပါသလား. . . .?
ဖြစ်နိုင်ချေမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ဆီးရီးယားနိုင်ငံနဲ့မတူတာက မြန်မာ့အတိုက်အခံတွေကိုထောက်ခံပေးမယ့် နိုင်ငံတကာအင်အားကြီးကြီးမားမားမရှိသေးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အသီးသီးအတွက် တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေက နိုင်ငံရေးတွက်ချက်မှုအပေါ်မူတည်နေပြီး အမေရိကန်နဲ့ EU တို့ကလည်း အနည်းငယ်မျှသော အထောက်အပံ့ကိုသာ ပံ့ပိုးပေးထားပါတယ်။
မြန်မာစစ်ကောင်စီကိုဖြုတ်ချနိုင်ခဲ့တယ်ဆိုရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အာဏာခွဲဝေရေး အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုဖန်တီးခြင်းက ခက်ခဲတဲ့အလုပ်ဖြစ်နေပါလိမ့်ဦးမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားခဲ့တဲ့ ရိုဟင်ဂျာ ၁ သန်းနီးပါးပြန်လည်ပေါင်းစည်းရေးကလည်း နောက်ထပ်စိန်ခေါ်မှု တစ်ခုဖြစ်နေပါတယ်။
ဒါပေမယ့်လည်း အတိုက်အခံအင်အားစုတွေက ပထမဆုံးအကြိမ်အဖြစ် စစ် ကောင်စီကိုအနိုင်ယူထားနိုင်သေးတဲ့ အတွက် မြန်မာ့တော်လှန်ရေးက အဆုံးသတ်မှာအောင်ပွဲရရှိနိုင်တယ်ဆိုတဲ့ အကောင်းမြင်ဝါဒကလည်းရှိနေပြန်ပါ တယ်။ အဲဒီနောက်မှာတော့ ပျက်စီးအက်ကွဲနေတဲ့နိုင်ငံတော်ကိုပြန်လည်တည်ဆောက်ဖို့ ခက်ခဲတဲ့တာဝန်တွေ ထမ်း ဆောင်ကြရပါလိမ့်ဦးမယ်။
Ref: Myanmar disintegrating four years after a disastrous coup