မောင်လှိုင်း
ဖေဖော်ဝါရီ ၄၊ ၂၀၂၅။
စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစပ်ထားသည့် တက္ကသိုလ်တစ်ခု လာမည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းအတွင်း ဖွင့်လှစ်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောခဲ့ပြီးနောက် ရေဆင်းတက္ကသိုလ်အနီးရှိ ကျေးရွာများ ရွှေ့ပြောင်းရမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
တော်လှန်ရေးတပ်များ ဝန်းရံထားသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (DSA) နှင့် စစ်အင်ဂျင်နီယာတက္ကသိုလ်တို့ကို ပြောင်းရွှေ့ဖွင့်လှစ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေချိန်တွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၄ ရက်၌ ဝန်ကြီးများအစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရီမြို့နယ်အတွင်းရှိ ရေဆင်းတက္ကသိုလ်ဘေးပတ်ဝန်းကျင် ကျေးရွာ၊ ရပ်ကွက်၊ လမ်းများကို နေရာအတိအကျဖြင့် ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ မြေစာရင်းဌာနနှင့် စည်ပင်တို့ ပူးပေါင်းကာ မြေပုံထုတ်ပေးခဲ့ရသည်ဟုလည်း နေပြည်တော် မြေစာရင်းဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ကောင်စီတစ်ခုလုံးက မြို့နယ်မြေပုံ၊ ခရိုင်မြေပုံ အကုန်လုံးကို ကိရိယာတွေ အကုန် ထွေအုပ်က ထုတ်ပေး၊ အကုန်ကျခံပြီး ထုတ်ခိုင်းတာ။ ရပ်ကွက်တည်နေရာတွေ အကုန်ပါတယ်။ ကျနော်တို့ကိုလည်း မပြောဘူး။ မြေပုံပဲ ထုတ်ခိုင်းခဲ့တာ။ မြေစာရင်းကိုမြေပုံထုတ်ခိုင်းရင် များသောအားဖြင့်က ဘယ်ဧရိယာ ဘာစိုက်လဲ၊ ဘယ်ကွင်း နာမည်တွေ ပါတယ်လေ။ အခုက ရွာနာမည်တွေပဲ ပါတယ်။ အခုထွက်နေတဲ့ သတင်းအရ ရေဆင်းဧရိယာထဲက ရွာတွေ အကုန်ရွှေ့မယ် ပြောတယ်” ဟု ၎င်းက ကြားသိရသည်ကို ဆိုသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်ဘေးဧရိယာတွင် သာယာစု၊ စိန်းစားပင်၊ ပေါက်ကုန်းရွာ၊ ထန်းတပင် နှင့် ကျောက်ချပ် စသည့် ကျေးရွာများရှိသည်။ အဆိုပါကျေးရွာများ၊ ရေဆင်းတက္ကသိုလ် နှင့် မွေးမြူရေးတက္ကသိုလ်တို့သည် စစ်ကောင်စီ၏ နေပြည်တော်စစ်ရုံးချုပ် အနောက်ဘက်တွင် ကပ်လျက် တည်ရှိသည်။
ရေဆင်းတက္ကသိုလ်သည် စစ်ကောင်စီရုံးစိုက်ရာ ရေဆင်းဒေသ နေပြည်တော်တွင် အခြေစိုက်သည်ံ။ မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ရေဆင်းတက္ကသိုလ်လည်းဖြစ်သည်။
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များကို ၉ လအတွင်း နေပြည်တော် ရေဆင်းသို့ ရွှေ့ပြောင်းရန် စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က ညွန်ကြားထားကြောင်းလည်း ပြီးခဲ့သည့် ဇန်နဝါရီလက ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
ပြင်ဦးလွင်နှင့် နောင်ချိုကြားရှိ စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ်တည်ရှိရာ တောင်ခမ်းကျေးရွာ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ဓနုပြည်သူ့ကာကွယ်ရေးတပ် (DPLA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ ငါးလကျော်အထိကြာမြင့်နေဆဲဖြစ်သည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ကလည်း မန္တလေးကို သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသည်။
ထိုဖြစ်စဉ်များနှင့်အတူ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်မည့်သတင်းများကြောင့် ရေဆင်းတက္ကသိုလ်အနီး ကျေးရွာများ ရွှေ့ပြောင်းရမည့်အခြေအနေကို ဒေသခံများကလည်း စိုးရိမ်နေကြသည်။