တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း စစ်ကူလာသော အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့်အတွက် တိုက်ပွဲနှင့်မသက်ဆိုင်သော ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၄ ရက်တွင် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အတွင်းရှိ ကျောက်မဲတောင်တပ်စခန်းသို့ ထားဝယ်မြို့မှ စစ်ကြောင်းချိန်းရန် တက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင် စစ်ကူစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၂) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပကာရီကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ MA-1 သေနတ်တစ်လက်နှင့် ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိအခိုက်အကျအဆုံးများခဲ့သည့်အတွက် စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် မသက်ဆိုင်သော ပကာရီကျေးရွာအတွင်းသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပကာရီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများ၏ ဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့သည်။
#ကြားဖြတ်တိုက်ခိုက်ခံရ #စစ်တပ်ဘုန်းတော်ကြီးကျောင်း #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews



