နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၂၊ ၂၀၂၅။
စစ်ကောင်စီဘက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ နှင့် မြို့အနီးနေရာများတွင် တပ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မြေပြင်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကောင်စီဘက်မှ အင်အားစတင်ဖြည့်တင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“မြို့ဝင်မြို့ထွက်ဘုန်းကြီးကျောင်းတွေမှာ အယောက် ၅၀ စီ ကင်းချထားတယ်။ တောင်ပေါ်ကျောင်း၊ လေသာကျောင်း၊ ရန်ကုတ်ကျောင်း၊ ရန်ကင်းကျောင်း၊ ရွှေကြက်ရက်ကျောင်း၊ ချောင်းတောင်ကျောင်း၊ လှိုင်ဝကျောင်း မြို့ပတ်လည်မှာ အယောက် ၅၀ စီ ကင်းချထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုသည်။
စစ်ကောင်စီဘက်မှ တပ်အင်အား ယခုထက် ပိုထပ်တိုးလာပါက စစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့် ဒေသခံများအနေဖြင့် သတိပြုသင့်သည် ဟု ၃၁ ဗျူဟာလက်အောက်ခံ ဗိုလ်ကျော်ဟိန်းက သံလွင်ခက်ကို ပြောသည်။
၎င်းက “သူတို့ တိုးလာရင်တော့ ရှေ့ဆက် တိုက်ပွဲကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ ဒေသခံတွေအနေနဲ့ ကြိုတင်ရှောင်ရှားဖို့၊ တိုက်ပွဲဖြစ်လာလို့ရှိရင် စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ သေချာလေး စုဆောင်းထားဖို့ပေါ့နော်။ မိဘပြည်သူများအနေနဲ့ ကိုယ်ရှောင်ရှားမနိုင်ရင် ကတုတ်ကျင်းတွေ တူးကြပါ။ မကြာခင် သူတို့ဘက်ကနေ အင်အားများလာမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ စစ်မျက်နှာဖွင့်ရမှာပဲ” ဟု ပြောသည်။
ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကော့ကရိတ်မြို့အတွင်းရှိ စစ်တပ်စခန်းများကို စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။