ခင်သရဖီဦး
ARSA အဖွဲ့၏ လူမျိုး ဘာသာမခွဲဘဲ ခြုံခိုတိုက်ခိုက်မှုများ ရှိနေသောကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်နေသည့် မူဆလင်လူမျိုးများအနေဖြင့် စိုးရိမ်မှု ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
အာရက္ခတပ်တော် AA ထံတွင် တာဝန်ထမ်းဆောင်နေသူများနှင့် စီးပွားရေးသမားများအား အဓိကထားကာ ARSA တပ်ဖွဲ့ဝင်များအနေဖြင့် မောင်တောမြို့တွင် နေထိုင်သည့် သူများအား လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုက်ခိုက်နေသည်ဟု ၄ မိုင်ရပ်ကွက်တွင် နေထိုင်သည့် မူဆလင်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်ကျော်က ပြောသည်။
”အာဆာရဲ့ မူဝါဒက ပြောမယ်ဆိုရင် ရခိုင်တွေကိုချည်း ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ ဒီဘက်မှာဆိုရင် ကျနော်ကို ရရင်လည်း ကျနော်ကို သူတို့ သတ်လိုက်မှာပါပဲ။ ကျနော်က ဒီဘက်မှာ နေပြီးတော့ ကိုယ့်နေရာအတွက် အလုပ်လုပ်ပေးနေတဲ့ လူဆိုရင် သူတို့က အဲဒီလူတွေကို လိုက်ပြီး သတ်ဖြတ်တာတွေ ရှိပါတယ်။ ULA အစိုးရနဲ့ ပူးပေါင်းတဲ့ လူတွေကို သတ်တာပေါ့လေ” ဟု ဦးမောင်မောင်ကျော်က ပြောသည်။
ထို့အပြင် တောင်ပြို၊ တောင်ပြိုလက်ဝဲ၊ မြင်းလွှတ်၊ ညောင်ချောင်းစသည့် ကျေးရွာများအနီးတွင်လည်း ARSA တပ်ဖွဲ့၏ တိုက်ခိုက်မှုများကို မကြာခဏ ကြုံတွေ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
“တောင်ပြိုရွာဘက်နားတွေမှာ မကြာမကြာ ပစ်တယ်။ သူတို့က စီးပွားရေး လုပ်တဲ့ လူတွေကို ဒုက္ခပေးတယ်။ ငါးရှာဖို့ သွားတဲ့လူတွေကိုလည်း သတ်ပါတယ်။ အဲဒီလို ဖြစ်စဉ်တွေက မကြာမကြာရှိနေတာပါ။ အဲဒီအပေါ်မှာ ရှာဖွေစားသောက်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။ စိုးရိမ်မှုတွေ ရှိနေကြတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်တွင်လည်း တောင်ပြိုဘက်သို့ ငါးရှာသွားသည့် ရခိုင်လူမျိုး နှစ်ဦးအား ARSA အဖွဲ့မှ သတ်ဖြတ်ခဲ့သည်။
ARSA တပ်ဖွဲ့ဝင်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့တွင် ဒေသခံပြည်သူများနှင့် အာရက္ခတပ်တော် AA ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များကို မကြာခဏ ခြုံခိုတိုက်ခိုက်မှုများလည်း ရှိနေသည်။
#ARSAအဖွဲ့တိုက်ခိုက်မှု #မောင်တောဒေသခံ #လုံခြုံရေးစိုးရိမ်နေရ #ThanLwinKhetNews