မောင်တောမြို့တွင် ရခိုင်နှင့် မူဆလင်တို့ကြား လူမျိုးရေး ပဋိပက္ခများကြောင့် ၁၃ နှစ်ခန့်ကြာ ပိတ်ထားခံခဲ့ရသည့် မူဆလင်တို့၏ မြို့မဂျာမေဗလီကြီးကို အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်သောကြောင့် ပြန်လည် ဝတ်ပြုခွင့် ရရှိနေပြီဟု ဒေသခံ မူဆလင်များက ဆိုသည်။
အဆိုပါမြို့မဂျာမေဗလီကြီးကို စက်တင်ဘာလ ၁၂ ရက်က မူဆလင်ခေါင်းဆောင်များဖြစ်သည့် မူဆလင်ရေးရာကောင်စီ၊ ဂျုရီအကြီးအကဲများ၊ ဂေါပကအဖွဲ့တို့က ဦးဆောင်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဗလီအား ပိတ်ထားချိန်တွင် မြို့လယ်မှ မူဆလင်များမှာ ဝတ်ပြုရန်အတွက် ဝေးလံသည့် နေရာများသို့ သွားရခြင်းကြောင့် အချိန်မီ ဝတ်မပြုနိုင်သည့် အခက်အခဲများ ရှိခဲ့သည်ဟု သိရသည်။
မြို့မဂျာမေဗလီကြီးကို ပြန်လည်ဖွင့်ပေးရန်အတွက် အာရက္ခအစိုးရထံ တင်ပြခဲ့ရာ AA က ပြန်လည်ဖွင့်ခွင့်ပေးသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း မောင်တောခရိုင် မူဆလင်ရေးရာကောင်စီဥက္ကဌ ဦးတင်အောင်က ပြောသည်။
”ဒါကို အခုလို ပြန်လည်ဖွင့်ပေးလိုက်တဲ့အပေါ်မှာ ကျနော်တို့ အရမ်းပျော်ပါတယ်။ လူမျိုးတစ်မျိုးမှာ ဘာသာရေးဆိုတာက အရေးကြီးပါတယ်။ ကျနော်တို့ အခုဆို အကုန်လုံး ပြန်လည် ဝတ်ပြုခွင့်ရတာပေါ့။ မြို့ထဲမှာက ဒီဗလီကြီးက အရေးကြီးပါတယ်။ နေရာစုရပ်ဖြစ်နေတာကြောင့် မူဆလင်တွေအတွက် ပိုပြီး အဆင်ပြေတာပေါ့လေ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဗလီကြီးအား ပြန်လည်ဖွင့်ပေးထားသည့်အတွက် အာရက္ခတပ်တော် AA အား ကျေးဇူးတင်ကြောင်း မူဆလင် ဂေါပက ဥက္ကဌ နေရာမောက်က ဆိုသည်။
”ကျနော်တို့ကို အခုလို ဒီဗလီကြီးကို ဖွင့်ပေးတဲ့အတွက် အာရက္ခပြည်သူတော်လှန်ရေးအစိုးရကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့မှာ အပျော်တွေပဲ ခံစားရတယ်။ ကျနော်တို့ကို အကူအညီတွေလည်း အများကြီး ပေးပါတယ်။ ကျနော်တို့ မြို့က မူလဆင်တွေအတွက် ဒီဗလီကြီးက အရေးကြီးတဲ့ ဗလီကြီးတစ်ခု ဖြစ်ပါတယ်” ဟု ဆိုသည်။
မြို့မဂျာမေဗလီကြီးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အရေးအခင်းမှစတင်ပြီး အစိုးရက ပိတ်ထားခဲ့ခြင်းဖြစ်ကာ လက်ရှိ အာရက္ခတပ်တော် (AA) အုပ်ချုပ်ချိန်တွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။
မြို့မဂျာမေဗလီကြီးမှာ မူဆလင်လူမျိုးတို့အတွက် မောင်တော မြို့လယ်တွင် တစ်ခုတည်းရှိသော ဗလီကြီးဖြစ်သည်။ ယင်းဗလီကြီးအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၆ ရက်မှ စတင်ပိတ်ထားခံခဲ့ရခြင်းဖြစ်သည်။
ယခု ဗလီအား ဖွင့်ပေးခြင်းမှာ လူမျိုးနှစ်ခုကြား လူမှုသဟဇာဖြစ်ရေးအပြင် လူမျိုး တစ်မျိုးအနေဖြင့် မိမိယုံကြည့်သည့် ဘာသာအား လွတ်လပ်စွာ ကိုးကွယ်နိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မောင်တောမြို့မှ အာရက္ခတပ်တော် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျနော်တို့ အစိုးရအသစ် တက်လာတဲ့အခါမှာ ပထမဆုံး အကြံပြုတောင်းဆိုချက်ကို ကျနော်တို့ အထက်က အကြီးအကဲတွေက ခွင့်ပြုဖို့ သဘောတူချက်တွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ စနစ်တကျ ဒီဗလီကြီးကို ဖွင့်လှစ်ဖို့အတွက် သဘောတူတာဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ကတော့ ဒီတိုင်းပြည်မှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ လွတ်လွတ်လပ်လပ် ကိုယ့်ယုံကြည်ရာကို ကိုးကွယ်ခွင့် ရှိတယ်ဆိုတာကို ကျနော်တို့ အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြတာဖြစ်ပါတယ်” ဟု ဆိုသည်။
မောင်တောမြို့တွင် မူဆလင် ဗလီ စုစုပေါင်း ၃၉ လုံးရှိပြီး ယခင်တိုက်ပွဲကာလအတွင်းက ပိတ်ထားခဲ့ရသော်လည်း လက်ရှိတွင် ယင်းဗလီများအားလုံးတွင် မူဆလင် ဘာသာဝင်များမှာ ဝတ်ပြုဆုတောင်းမှုများ လုပ်ဆောင်နေကြပြီးဖြစ်သည်ဟုလည်း သိရသည်။