သရဖီ
ဒီဇင်ဘာ ၂၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်ကောင်စီတပ်မြို့တွင်း လုံခြုံရေးနှင့် စစ်ဆေးရေးကို ပိုမိုတင်းကြပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် စျေးတန်း၊ လမ်းမကြီး၊ ဆေးရုံး၊ ဆေးခန်းစသည့်နေရာများကို စစ်ဆေးရေးပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်။
“စစ်တွေမှာ အခုတလော နေ့ရော ညရော အရမ်းစစ်ဆေးတာတွေရှိတယ်။ ယောကျာ်းတွေကို အများကြီး စစ်ဆေးတယ်။ စျေးတွေဆိုလည်း ဆိုင်ခန်းတစ်ခုမကျန် စစ်တယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် AA တို့အကြား ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် စစ်တွေမြို့နယ်တချို့တွင် ထိတွေ့တိုက်ပွဲများ ရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် တိုက်ပွဲများမရှိဘဲ စစ်ကောင်စီတပ်က စစ်တွေမြို့အနီးအနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်းနှင့် ဒေသခံများကို နေအိမ်မှ နှင်ထုတ်ခြင်းများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
“အခုက ဆက်တိုက် ဖမ်းဆီးတာ နှင်းထုတ်တာတွေရှိနေတယ်လို့ သိရတယ်။ ဖုန်းလိုင်းကလည်း နေရာတော်တော် များများမှာ ပြတ်နေတော့ ဖမ်းတာ ဆီးတာတွေကို အတိအကျ ပြောဖို့ခက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဒေသကွက်ကဲရေးလက်အောက်ခံခြေလျင် ၁၅ ခုခန့်နှင့် ရဲတပ်ရင်း ၂ ခု၊ မြို့မရဲစခန်း၊ အမှတ်(၂) ရဲစခန်း၊ မင်းဂံရဲစခန်းနှင့် ပွိုင့်ရေတပ်စခန်းတို့ တပ်စွဲထားသည်။