သံလွင်ခက်
ဒီဇင်ဘာ ၂၇၊ ၂၀၂၄။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် ခရစ်စမတ်ပွဲတော်နေ့၊ ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီ၏ ကာကင်း တပ်စခန်း တစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ရှေ့တန်းသတင်းရဲဘော်များထံက သိရသည်။
အဆိုပါ ကာကင်းသည် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၆၀၁ တပ်ရင်းကို ကာထားသည့် အရေးပါသော တပ်စခန်း ကာကင်းတစ်ခုဖြစ်သည်ဟု ရှေ့တန်းရဲဘော် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သူတို့တပ်ကို ကာထားတဲ့ ဘန်ကာတပ်ကို သိမ်းလိုက်တာ။ သူတို့ တပ်ကို ၀င်မယ်ဆိုရင် အဲ့ပတ်ပတ်လည်မှာ ကာထားတဲ့ တပ်၀န်း အသေးစားလေးတွေရှိတယ်။ အဲ့ထဲကတစ်ခုသိမ်းတာ။ ကာကင်းတပ်စခန်း တစ်ခု ရလိုက်တာပေါ့” ဟု ပြောသည်။
ထိုနေ့က KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် နံနက် ၇ နာရီခွဲမှ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခန့်တွင် ကာကင်းစခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
သံလွင်ခက်က ရရှိသည့် စခန်းသိမ်း ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးနေလျက်ရှိသည်ကို တွေ့မြင်ရသည်။
မံစီမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၆၀၁ တပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း ခ.မ.ရ – ၃၁၉ နှင့် ၎င်းတို့ တပ်နှစ်ခုအကြားတွင် အမှတ် – ၃၅၂ အမြောက်တပ် ရှိကာ ထိုတပ်ရင်း ၃ ခုကို KIA နှင့် ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ ရက်ကတည်းကပင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ကချင်ပြည်နယ် မံစီမြို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ သုံးပတ်ကျော်ရှိပြီဖြစ်ပြီး ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်ကလည်း ၎င်းတို့ တပ်စခန်း မကျရေးအတွက် လေကြောင်းများဖြင့် ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေပြီး စစ်လက်နက်နှင့် ရိက္ခာများကိုပါ လေကြောင်းဖြင့် ဖြည့်တင်းလျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
မံစီမြို့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ထို့ပြင် မြို့၏ တောင်ဖက်တွင် အမှတ် ၃၁ ပြည်ထောင်စု အဝေးပြေးလမ်းမကြီး၊ မံစီ – မန္တလေး ကိုဆက်သွယ်ထားသည့် လမ်းမကြီး အနီးတွင် တည်ရှိကာ လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျသည့် မြို့ဖြစ်သည်။
ပုံစာ ။ ။ မံစီတိုက်ပွဲတစ်နေရာတွင် တွေ့ရသည့် PDF ရဲဘော်တစ်ဦး