သရဖီ
ဒီဇင်ဘာ ၂၆၊ ၂၀၂၄။
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းအချိန်တွင် ဂျက်ဖိုက်တာဖြင့် ညောင်ပင်ဈေးရပ်ကွက်နှင့် သမုတ်ချောင်းကျေးရွာသို့ လေးကြိမ်ခန့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“ညနေ ၃ နာရီကျော်လောက် ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ လာချသွားတာ။ တစ်ယောက်သေတယ်။ ၆ ယောက် ဒဏ်ရာရသွားတယ် ” ဟု သံတွဲဒေသခံ တစ်ဦးက ပြောသည်။
သေဆုံးသွားသူမှာ ညောင်ပင်ဈေးရပ်ကွက်တွင် နေထိုင်သည့် ဦးဖိုးကျော် (၄၀) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဒေါ်ခင်ခင်နွယ်၊ ဦးသန်းဝင်း၊ ဒေါ်မလုံး၊ ဦးအောင်သိန်းတင်၊ ဒေါ် အေးအေးသန်း၊ ဒေါ်နွယ်နွယ်တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံးများတွင် ဆေးကုသမူခံယူနေကြရသည်ဟု သိရသည်။
“စစ်တပ်က မကြာခဏ မြို့ကိုရော ရွာတွေကိုပါ ဗုံးလာကြဲနေတာပါပဲ။ စိုးရိမ်တာကတော့ တော်တော်စိုးရိမ်တယ်။ ညဖက်ဆိုလေ ကောင်းကောင်း အိပ်မပျော်ဘူး” ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီအနေဖြင့် သံတွဲမြို့အား မကြာခဏ လေကြောင်းမှ တိုက်ခိုက်နေသည့်အတွက် ဒေသခံသေဆုံးဒဏ်ရာရမှုများနှင့် နေအိမ်မီးလောင်ဆုံးရှုံးမှုများရှိနေသည်။
ဓာတ်ပုံ- APM