သံလွင်ခက်
ဒီဇင်ဘာ ၂၁၊၂၀၂၄။
တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်း နှင့် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာရှိ တပ်စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်သား(၁၀)ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်း ၄နာရီခန့်တွင် ကံပေါက်ဒေသအတွင်းရှိ ရေကန်တောင်တွင် တပ်စွဲထားသော မိုက်ခရိုဝေ့တပ်စခန်းကုန်းအား ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ရာ စခန်းကုန်းအတွင်းပိုင်းအထိ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲအတွင်း တပ်စခန်းကုန်းရှိ အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ (၁)ဦး အပါအဝင် (၆)ဦး ကျဆုံးကာ တပ်သား (၁)ဦး ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် လက်နက်ကြီးအပါအဝင် သေနတ်၊ကျည်တောင့်၊ကွန်ပြူတာနှင့် ဖုန်းအပါအဝင် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
အလားတူ ရေးမြို့နယ် မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်း-ကနင်ကမော့ လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် ပူးပေါင်းမဟာမိတ်များ တစ်နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး အပါအဝင် (၄)ဦးကျဆုံးခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် ပူးပေါင်းအဖွဲ့များဘက်ကလည်း ဒေါနတပ်ရင်း မှ တပ်သား (၁) ဦး နှင့် မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD တပ်သာား (၁)ဦး မြင့်မြတ်စွာကျဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Daw Na Column