ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။
ရခိုင်ပြည်နယ် အမ်းမြို့ကို ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အာရက္ခတပ်တော်-AA က မြို့ပေါင်း ၁၄ မြို့ထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစ၍ လက်ရှိအချိန်အထိ AA က ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ပေါက်တောမြို့၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနှင့် အမ်းမြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းရုံးအတွင်းမှ လက်ကျန်နေရာများကို နှစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အမ်းမြို့တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို AA က အရှင်ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လက်ရှိအချိန်တွင် ဂွမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပြီး ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ဂွမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပါက ရခိုင်ပြည်နယ်အတွင်း ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် သုံးမြို့သာ ကျန်တော့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က သိမ်းပိုက်ပြီးနောက် အမ်း နပခသည် စစ်ကောင်စီ ဒုတိယမြောက်လက်လွှတ်ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။
ဓာတ်ပုံ-AA Info Desk