သံလွင်ခက်
ဒီဇင်ဘာလ ၂၁ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi 17 ဖြင့် အင်အားဖြည့်တင်းခဲ့သော ဘုတလင်စစ်ကြောင်းမှ တပ်သားသစ် (၇) ဦး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ အလင်းဝင်လာခဲ့သည်ဟု BNRA က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ပုလဲမြို့ပေါ်သို့ အင်အားဖြည့်လာသော ဘုတလင်စစ်ကြောင်းမှ တပ်သား ၇ ဦးသည် ဒီဇင်ဘာ ၁၀ရက်တွင် လက်နက်မဲ့ အလင်းဝင်လာသူ ၅ ဦးနှင့် ၁၁ ရက်တွင် လက်နက်ခဲယမ်းနှင့်အတူ ၂ ဦး အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ တပ်သား(၇) ဦး သည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် (၄) သင်တန်းဆင်းတပ်သားများဖြစ်သည်ဟု ဖော်ပြထားသည်။
BNRA အနေဖြင့် လက်နက်နှင့် အလင်းဝင်လာသူ တပ်သားတစ်ဦးချင်းစီအား ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ပြီး ၊လက်နက်မဲ့ အလင်းဝင်လာသူများအား တစ်ဦးလျှင် (၅)သိန်း ဆုချီးမြှင့်ကာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် ဘုတလင်စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၉ ဦးအထိ ရှိနေပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ ၇ ဦးနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များထံ ၂ ဦး အလင်းဝင် ခိုလှုံခဲ့သည်။
အဆိုပါဘုတလင်စစ်ကြောင်းသည် စစ်ကိုင်းတိုင်းစီပါရွာဖြစ်စဉ်တွင် ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းလည်းဖြစ်သည်။
ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံ၍ စစ်ကောင်စီယန္တရားအတွင်းမှ CDM ပြုလုပ်လာသော စစ်ကောင်စီတပ်သားများကို ကြိုဆိုလက်ခံသည်ဟုလည်း အသိပေးထားသည်။
ဓာတ်ပုံ-ဘုတလင်စစ်ကြောင်းမှ အလင်းဝင်လာသူ တပ်သား(၇)ဦးအား ဆုချီးမြှင့်နေစဉ်။(BNRA )