သံလွင်ခက်
ဒီဇင်ဘာ ၁၉၊၂၀၂၄။
မွန်တိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ လေးခုသည် တစ်ခုတည်းသော မွန်တပ်တော်အနေဖြင့် ဖွဲ့စည်းပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု အဆိုပါ လေးဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၉ တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အဖွဲ့လေးဖွဲ့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် အဖွဲ့မျာဖြစ်ပြီး မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊မွန်ပြည်လွပ်မြောက်ရေးတပ်တော် (MLA) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်တွင် တော်လှန်ရေးနယ်မြေတစ်နေရာ၌ ယင်းအဖွဲ့ လေးဖွဲ့ပူးပေါင်းကာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပြီးနောက် မွန်တပ်တော်ပေါ်ပေါက်လာရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
လတ်တလောဆွေးနွေးမှုအရ မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ သည် သဘောတူညီချက် ၂ ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှုစတင်လုပ်ဆောင်နေပြီဟု မွန်ပြည်ကာကွယ်ရေးတပ် တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက သံလွင်ခက်ကို ပြောသည်။
၎င်းက “ပထမတစ်ခုက တပ်လေးတပ်ကို ရုတ်သိမ်းပြီးတော့ မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့တပ်တစ်တပ်ဖြစ်အောင်ဖွဲ့စည်းသွားဖို့ရယ် အချိန်ကတော့ နည်းနည်းယူရဦးမယ်။နောက်တစ်ခုက ရေတိုလုပ်ငန်းအနေနဲ့ လေးဖွဲ့အတူတူ ပူးပေါင်းလှုပ်ရှားဖို့ အခုထဲက စတင်အကောင်အထည်ဖော်နေပြီလို့ ပြောလို့ရပါတယ်”ဟု ဆိုသည်။
အားလုံးပူးပေါင်းပါဝင်နိုင်သည့် တပ်တော်ဖြစ်ရန်ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံတော်တွင် မွန်ပြည်ကိုယ်စားပြုတပ်တော်တစ်ရပ်ဖြစ်ရန် ရည်ရွယ်သည်ဟု သူက ဆက်ပြောသည်။
ဒေါက်တာသီရိမွန်ချမ်းက “ပြည်နယ်ကိုယ်စားပြုတပ်အနေနဲ့ တပ်တစ်တပ်တည်းရှိရမယ်ဆိုတဲ့ အတွက်ကြောင့် မွန်ပြည်နယ်မှာရှိနေတဲ့ မွန်တွေကိုယ်စားပြုတဲ့ တပ်တွေအားလုံးကို အခုချိန်ကတည်းက ပေါင်းစည်းနိုင်ရင် ရေတိုအရရော ရေရှည်ရည်းမှန်းချက် အရပါ အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီးတော့ လွယ်ကူပြေပစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်”ဟု ပြောသည် ။
ဖွဲ့စည်းလာမည့် မွန်တပ်တော်သည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်း (သို့မဟုတ်) အစိုးရအဖွဲ့အစည်းတစ်ခု၏ လက်အောက်တွင် တည်ရှိမည်ဖြစ်ပြီး အဆိုပါအကြောင်းအရာအား ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ- ပေးပို့ ။