သရဖီ
ဒီဇင်ဘာ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဂွမြို့အနီးတွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ယနေ့ထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ တင်းတော်ကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
“ဂွမှာ ညက နှစ်ဖက်တိုက်ပွဲဖြစ်တယ်။ သံချပ်ကာ ကားတွေရဲ့ပစ်သံတွေရောကြားရတယ်။ အခုလဲ လတ်တလော ပစ်သံခက်သံတွေကြားနေရတယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီက တိုက်ပွဲအတွင်းတွင် လေယာဥ်များဖြင့်လည်း ဗုံးကြဲမှုများရှိနေပြီး တိုက်ပွဲများမှာ ဂွမြို့နှင့် နီးကပ်လာသည်ဟု ၎င်းက ဆက်ပြောသည်။
“မြို့တွင်းကိုတိုက်ပွဲမရောက်သေးဘူး။ ဒါပေမဲ့ နီးနေပြီပေါ့။ အသံတွေကြားနေရတယ်။ မြို့နားနီးမှာပစ်ခတ်တာ ၉ ရက် ၁၀ ရက် လောက်က စကြားရတာ။ အရင်ကတော့လက်နက်ကြီးသံအမြဲကြားရတယ်” ဟု ဆိုသည်။
တိုက်ပွဲကြောင့် ဂွဒေသခံ အားလုံးနီးပါးမှာ မြို့ကိုစွန့်ခွာသွားကြပြီး မြို့တွင်း၌ အိမ်စောင့်လူ အနည်းငယ်သာ ကျန်ရှိနေသည်ဟု သိရသည်။
ပုံစာ- အမ်းမြို့ကို သိမ်းပိုက်ထားသည့် အေအေတပ်တော်။ ဓာတ်ပုံ- AA info desk