နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၂၊ ၂၀၂၄။
ဖာပွန် – ကမမောင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်စခန်းကို ယမန်နေ့ နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါ တပ်စခန်းနှစ်ခုမှာ ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ မူတြော်ခရိုင် (ဖာပွန်) ခရိုင်အတွင်း တည်ရှိသည်။
“သူက (တောင်သုံးလုံးနှင့် ဆင်စွယ်စခန်း) က လက်နက်ကြီး ပစ်ကူပေးတာတွေ၊ ထောက်ပို့ပေးတာတွေ၊ စစ်ကြောင်းစစ်ကူပေးတာတွေ အဓိကပေးနေတဲ့ စခန်းဖြစ်ပါတယ်။ ဒီစခန်းကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ဖာပွန်နဲ့ ကတိုင်ထိကြားမှာ ၄၆ ကီလိုမီတာလောက် ဝေးကွာသွားပြီးတော့ ရန်သူ (စစ်တပ်) အနေနဲ့ ချက်ချင်း စစ်ကူအင်အားမပေးနိုင်တာတွေ လက်နက်ကြီးပစ်ကူမပေးနိုင်တာတွေ ဖြစ်သွားတော့မှာပါခင်ဗျာ” ဟု Force for Federal Democracy – FFD တပ်ဖွဲ့ ဒုတာဝန်ခံ အောင်အောင်က ဆိုသည်။
အဆိုပါစခန်းသိမ်းမှုအတွင်း KNLA ဦးဆောင်မှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA၊ Force for Federal Democracy – FFD တပ်ဖွဲ့မှ မြေပြင်ချေမှုန်းရေး Drone နှင့် တိုက်ခိုက်ရေးမှာ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
ကရင်နယ်ခြားစောင့်တပ် – BGF ၏ ဆင်စွယ်စခန်း၊ စစ်ကောင်စီ၏ တောင်သုံးလုံးစခန်းမှာ စစ်ကောင်စီတပ်သားအင်အား ၂၀၀ ခန့် (တပ်ရင်း ၃ ရင်း) ရှိပြီး ၁ ပတ်ခန့်ကြာအောင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသည်ဟု မြေပြင်ရဲဘော်များကဆိုသည်။
တောင်သုံးလုံးစခန်းသို့ ဝင်ရောက်ရှင်းလင်းရာမှာ ၁၂၀ မမ တစ်လက်၊ ၈၁ မမ ၃ လက်၊ ၆၀ မမ ၂ လက်၊ ပွိုင့် ၅ စက်သေနတ် ၂ လက်၊ ငါးကြင်းမြှီးစက်သေနတ် ၂ လက်၊ လက်နက်ငယ်တချို့၊ ဂျန်မာစက်ကြီး ၂ စုံ၊ မီးစက်အလတ် ၃ လုံး၊ မီးစက်အသေး ၁ လုံးအား ပူးပေါင်းတပ်ဘက်မှ သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ FFD ဒုတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်မှာ ခေါပုပ်စခန်းကိုလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်မှာ ကူးဆိပ်စခန်းကိုလည်းကောင်း၊ ၂၂ ရက်နေ့မှာ မထောစခန်းကိုလည်းကောင်း ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့သောကြောင့် ဖာပွန် – ကမမောင်းလမ်းပိုင်းတွင် ဖာပွန်ဗျူဟာအပြင် ကတိုင်တိ၊ ကမမောင်းဗျူဟာနှင့် ကရင်နယ်ခြားစောင့် – BGF တပ်စခန်းတချို့သာ ကျန်ရှိနေသည်။
ပုံစာ – သိမ်းပိုက်လိုက်နိုင်သော ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်း။ (ဓါတ်ပုံ – BPLA)