ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ဦးထက်မနည်းဖမ်းဆီးရမိခဲ့သည်ဟု Earthquake People’s Defence Force က ယနေ့နံနက်တွင် ထုတ်ပြန်သည်။
Earthquake People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက “ရေလာလေးက ပျူရွာပါဗျ။ ရွာထဲမှာပဲစခန်းချထားကြတာပါ” ဟု သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၆နာရီမှစတင်ကာ စစ်ကောင်စီအထိုင်စခန်းနှင့် ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ခဲ့ပြီး တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Mi-35 တိုက်ခိုက်ရေးယာဉ်ဖြင့် လေကြောင်းမှ လေးကြိမ် ဗုံးကြဲ ပစ်ကူပေးမှုကြောင့် ရေလာလေးကျေးရွာအနီးဝန်းကျင်ရှိ ဒေသခံပြည်သူ ၃ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ပြင် တိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့-SRF မှ တပ်စိပ်မှူး ထောင့်မကျိုး ခေါ် ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ကိုထက်တို့ သေဆုံးခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲကို အမှတ်-၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် Earthquake People’s Defence Force၊ ကျောင်းသားလက်ရုံးတပ်တော်-SAF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်း နှင့် Kamma Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲတွင် ၆၀မမစိန်ပြောင်းတစ်လက် ၊MA2တစ်လက် ၊MA3 တစ်လက် ၊ M2 ကာဘိုင် ၁၂ လက် ၊ရှော့ဂန်းသုံးလက် ၊5.56လက်လုပ်တစ်လက် ၊ ကျည်ဘောက် ၁၀ ဘောက်၊ကျည်မျိုးစုံ နှစ်ထောင်ခန့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ပင်နီစစ်ကြောင်းဟု ဒေသခံများခေါ်ဆိုကြသည့် အမှတ်-၈ စစ်ကြောင်းသည် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) အဖွဲ့သုံးခု ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းတစ်ခုဖြစ်သည်။
ဓာတ်ပုံ- Earthquake People’s Defence Force