သံလွင်ခက်
ဒီဇင်ဘာ ၉၊ ၂၀၂၄။
တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စက်လှေစျေးနှုန်းများ မြင့်တက်နေသဖြင့် ဒေသခံအချို့မှာ မြို့တွင်းမှ တိမ်းရှောင်ရန် ခက်ခဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဗန်းမော်မြို့ မင်းကျောင်းကုန်းရေဆိပ်နှင့် ဗန်းမော်ရေဆိပ်မှ တိမ်းဖာတောင်ရေဆိပ် အထိ ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးလျင် ၂၀,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ် အထိပေးချေရသည်ဟု ဗန်းမော်မြို့တွင်းမှ တိမ်းရှောင်လာသည့် ဒေသခံ အမျိုးသမီး တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဒုက္ခများလိုက်တာကတော့ စက်လှေဆိပ် ရောက်ပြီးမှာ ပြန်ခေါက်သွားတဲ့သူတွေတောင် ရှိတယ်။ စစ်ရှောင်စခန်းတစ်ခုက မိသားစု တစ်စုဆိုရင် လူဦးရေများတော့ ပေးစရာမရှိလို့ သေရင်လည်း မတတ်နိုင်တော့ဘူးဆိုပြီး ကိုယ့် မျက်စိရှေ့တင် မြို့ကို ပြန်ခေါက်သွားကြတာ” ဟု ပြောသည်။
တိမ်းဖာတောင်ရေဆိပ်သည် မင်းကျောင်းကုန်းနှင့် ဗန်းမော်ရေဆိပ်၏ အထက်ဘက်တွင် တည်ရှိပြီး ရေလမ်းကို ၄၅ မိနစ်ခန့်သာ စီးရသည့် ခရီးစဉ်ဖြစ်ကာ ယခင်က ဆိုင်ကယ်တစ်စီးအပါအဝင် လူတစ်ဦးလျင် စက်လှေဈေးနှုန်း ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အတွင်းသာ ပေးချေခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုအခါ မင်းကျောင်းကုန်းရေဆိပ်မှ တိမ်းဖာတောင်ရေဆိပ်အထိ လူ ၁၀ ဦး လိုက်ပါ စီးနှင်နိုင်သည့် စက်လှေတစ်စီးကို ကြိုတင်ဌားရမ်းသော် ကျပ်ငွေ ၃၈၀,၀၀၀ ထိပေးချေရသည်ဟု ဗန်းမော်မြို့တွင်းမှ ထွက်ခွာလာသည့် ဒေသခံများထံက သိရသည်။
ထို့ပြင် ဗန်းမော် ရေဆိပ်မှ ဧရာဝတီမြစ်၏ တောင်ဘက် နတ်ခုတ်ကျေးရွာ၊ မြလယ်ကျေးရွာနှင့် စင်းခန်းကျေးရွာတို့ တိုက်ပွဲတိမ်းရှောင်မည်ဆိုလျင် လူတစ်ဦးလျင် စက်လှေဈေးနှုန်း ၈၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်ထိ ပေးချေရသည်ဟုလည်း ဒေသခံများက ဆိုသည်။
ကချင်ပြည်နယ်တွင် ယခုနှစ် မတ်လ ၇ ရက်၌ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဗန်းမော်မြို့သည် ဗန်းမော်မြို့ဒေသခံများအပြင် မိုးမောက်မြို့မှ တိမ်းရှောင်လာသည့် ဒေသခံများနှင့် မံစီမြို့မှ တိမ်းရှောင်လာသည့် ဒေသခံများလည်း တိုက်ပွဲတိမ်းရှောင်လျက်ရှိသည့် မြို့ဖြစ်သည်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ ထပ်ဆင့် တိုက်ပွဲတိမ်းရှောင်ရန် ခက်ခဲလျက်ရှိပြီး ယခုချိန်တွင် ဗန်းမော်မြို့တွင်းရှိ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင်သာ မှီခိုနေထိုင် တိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် ယခုလ ၄ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပြီး ယနေ့ချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကာ KIA နှင့် ပူးပေါင်းတပ်တို့သည်လည်း မြို့တွင်းထိ နေရာယူ တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ်ရဲဘော်များနှင့် ဒေသခံများထံက သိရသည်။