သံလွင်ခက်
ဒီဇင်ဘာ ၇၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် ၎င်းတို့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည့် ကချင်ပြည်နယ်ကို လေကြောင်းဖြင့် နေ့စဉ် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ် ရဲဘော်များထံက သိရသည်။
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့မှ အရှေ့တောင်ဘက် ၁၃ မိုင်ခန့်သာဝေးသည့် မံစီမြို့ရှိ တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သည် နေ့စဉ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“လေကြောင်းက နေ့တိုင်းကို ရောက်တာ။ ဒီမနက်တောင် ၂ ကြိမ်ရောက်လာပြီးပြီ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) ရောက်လာတိုင်းတော့ ဗုံးချခဲ့တာပဲ။ တိုက်ပွဲလည်း ပစ်လိုက်၊ နားလိုက်နဲ့ပဲ တိုက်နေကြတုန်း” ဟု ခေါ်သည်။
ထို့ပြင် မံစီမြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ယနေ့ချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ မံစီမြို့တွင် ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၃၁၉၊ ခ.မ.ရ – ၆၀၁ အပါအဝင် ၎င်းတို့ တပ်နှစ်ခုအကြားရှိ အမှတ် – ၃၅၂ အမြောက်တပ်တို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် ဒီဇင်ဘာ ၄ ရက်၊ နံနက် ၅ နာရီခန့်ကတည်းက တစ်ဖန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်ကို လေကြောင်းဖြင့် ခုခံတိုက်ခိုက်ရုံတင်မက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လိုင်ဇာမြို့နှင့် ၂၇ မိုင်ခန့်ဝေးသည့် ဝိုင်းမော်မြို့နယ် ဂျာထ ကျေးရွာကိုလည်း ဒီဇင်ဘာ ၅ ရက်၊ ညနေ ၆ နာရီခွဲခန့်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ဒေသခံပြည်သူများ ထိခိုက်မှု မရှိဟု ဒေသခံများထံက သိရသည်။
ပုံ – ပုံဟောင်း