AA က စျေးဆိုင်များအပေါ် အခွန်ကောက်ယူမှု ဝေဖန်မှုများရှိနေ
***************
မေသံလွင်
နို၀င်ဘာ ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် စားသောက်ဆိုင်လုပ်ငန်းများအပေါ် အခွန်ကောက်ယူမှုနှင့်ပတ်သက်၍ မျှတသည့် လုပ်ငန်းစဉ်ဖြစ်ရန် ဒေသခံလုပ်ငန်းရှင်များက လိုလားနေကြသည်။
ယခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သည့် စားသောက်ဆိုင်တစ်ဆိုင်လျှင် တစ်နှစ်လျှင် ၈၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀ ကျပ် ပေးဆောင်ရသည့် တန်းတူအခွန် ကောက်ခံမှုများအပေါ် ဒေသခံဆိုင်ပိုင်ရှင်တချို့က ဝေဖန်နေကြခြင်းဖြစ်သည်။
ပေါက်တောမြို့နယ်မှ အမည်မဖော်လိုသည့် စျေးဆိုင်ပိုင်ရှင်တစ်ဦးက “သိန်း ၁၀၀ ဖိုးတင်နိုင်တဲ့ဆိုင်ကလည်း ၈၀,၀၀၀ ပေးရမယ်။ ၁၀ သိန်းဖိုးတင်နိုင်တဲ့ ဆိုင်ကလည်း ၈၀,၀၀၀ ပေးရမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ ကျွန်မတို့ဆိုင်မှာ ဆိုင်၀န်က ၅ သိန်းဖို့တောင် မရှိဘူး။ အရောင်းအဝယ်ကလည်း ထိုင်း(အေး) တယ်။ အခုက အမြတ်ရတဲ့ငွေကို သူတို့ကို ပေးရမလို့ ဖြစ်နေပြီ။ ဒါက မဖြစ်သင့်ဘူး” ဟု ဆိုသည်။
ထို့သို့ စျေးဆိုင်များအား အခွန်တန်းတူ ကောက်ယူမှုအား သက်ဆိုင်သူများအနေဖြင့် သေချာစီစစ်ပြီး သတ်မှတ်စေလိုသည်ဟု မင်းပြားမြို့နယ်မှ စျေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဆိုင်တွေက အခွန်ဆောင်ရမယ်ဆိုရင် ဆိုင်ကြီးက ဘယ်လောက်၊ ဆိုင်ခန်းငယ်က ဘယ်စျေးဆိုပြီး ရှိရမယ်။ အခုက တန်းတူ အကုန်ဆောင်ရမယ်ဆိုတာကို သဘောမတူပါဘူး” ဟုဆိုသည်။
ထို့အတူ အရက်ဆိုင်များမှာလည်း ယခင်က တစ်လလျှင် ၃၀,၀၀၀ ကျပ် ကောက်ခံရာမှ ယခုလတွင် ၅၀,၀၀၀ ကျပ် အထိ တိုးမြင့်ကောက်ခံနေခြင်းကြောင့် အကြပ်အတည်ဖြစ်နေသည်ဟု ကျောက်တော်မှ အရက်ရောင်းချနေသူ တစ်ဦးထံမှ သိရသည်။
“တစ်လကို အမြတ်ငွေက အဲဒီလောက် မရဘူး။ ဆိုင်ကို ပိတ်ဖို့ ပြောနေတာနဲ့ တူတူပဲ။ အရင်ကလောက်လည်း မရောင်းရတော့ မပေးနိုင်တော့ဘူး” ဟု ဆိုသည်။
စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်သို့ စားသောက်ကုန်စည်နှင့် ဆေးဝါးတင်ပို့ခွင့်ကို ပိတ်ပင်ထားသောကြောင့်လည်း ဒေသခံများမှာ ကုန်စည်ရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းများနှင့်ရင်ဆိုင်နေကြရသည်။
ဓာတ်ပုံ- ပေးပို့။