ကောင်းချစ်အောင်
နိုဝင်ဘာ ၃၀၊ ၂၀၂၄။
အဆင့်မြင့်စစ်တပ်ဖြစ်ဖို့ တည်ဆောက်သွားမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အရပ်သားအစိုးရလက်ထက်မှာ အကြိမ်ကြိမ်ဆိုခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အာရက္ခတပ်တော်- AA ရဲ့ တစ်နှစ်တာ ထိုးစစ်ဆင်အတွင်းမှာ ရခိုင်ပြည်နယ်ကို လက်လွတ်ဖို့ ၁၇ မြို့နယ်မှာ ၇ မြို့သာ ကျန်ပါတော့တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာ AA ရဲ့ ရခိုင်ပြည်ထိုးစစ်ဟာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ AA အနေနဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မှာရှိတဲ့ တပ်မအဆင့်ရှိတဲ့ ဌာနချုပ်နှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ တောင်ကုတ်မြို့အခြေစိုက် အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅)တို့ကို ပိတ်ဆို့ထိုးစစ်ဆင်နေပြီ ဖြစ်ပါတယ်။
AAအနေနဲ့ ရခိုင်ပြည်နယ်တခွင်လုံးက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ ကြွေးကြော် ထားတဲ့အတိုင်း ထိုးစစ်အရှိန်ကို မရပ်တန့်ဘဲ မြို့နယ်လေးခုမှာ ဆက်တိုက် တိုက်ခိုက်နေပါတယ်။
လက်နက်စက်ရုံတွေကို ခြိမ်းခြောက်နေတဲ့ အမ်းတိုက်ပွဲ
********************
အာရက္ခတပ်တော်ဟာ အမ်းမြို့ကို ကုန်းကြောင်းအရ ပိတ်ဆို့ထားတာ ခြောက်လထက်မနည်းကြာမြင်ခဲ့ပြီဖြစ်ပြီး စစ်ကောင် စီအနေနဲ့ နပခဌာနချုပ်ကို မြေပြင်စစ်ကူတွေ မပို့လွှတ်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။
အမ်းမြို့ကို ချဉ်းကပ်တဲ့နေရာမှာ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းကြီးတွေကို အရင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလဆန်းပိုင်းကတည်းက တောဟိန်းတောင်ဗျူဟာကုန်းကို အေအေဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်နေ တာဖြစ်ပြီး ဗျူဟာကုန်းအောက်က စခန်းကုန်းတွေကိုအဆင့်ဆင့်တိုက်ခိုက်ရယူပြီးနောက် နှစ်လကျော်အကြာမှာ အခုလို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
နောက်ထပ်အရေးပါတဲ့ မဲတောင်ဗျူဟာကုန်းကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင် အမ်းမြို့ဝန်းကျင် မှာရှိတဲ့ နပခ လက်အောက်ခံ တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်ဖို့ လမ်းစပွင့်သွားခဲ့တာပါ။
အမ်းမြို့မှာ တိုင်းဌာနချုပ် အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၈ခုအထိရှိပါတယ်။ အာရက္ခတပ်တော်ဟာ အမှတ် ၃၇၃ ခြေမြန်တပ် ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်းတို့အပြင် လက်ရုံးတပ်ဖွဲ့ စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ နိုဝင်ဘာ ၁၃ ရက်မှာ ထုတ် ပြန်ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ထိုးစစ်ဟာ အရှိန်ပိုမြင့်လာခဲ့ပြီး အမှတ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၉၂၆)၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ (တထခ ၁၀) နဲ့ အမှတ် ၃၇၁ ခြေမြန်တပ်ရင်းတို့ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ထပ်မံကြေညာခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ လေယာဉ်ကွင်းနဲ့ ရဲစခန်းတို့ကိုပါ AA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့ ၃ခုကိုသာ သိမ်းပိုက်နိုင်ဖို့ ကျန်ပါတော့ တယ်။
မြေပြင်စစ်ကူမပေးနိုင်တော့တဲ့ စစ်ကောင်စီဟာ အမ်းမြို့မကျရေးအတွက် လေကြောင်းကနေ စစ်ကူ၊ ရိက္ခာ၊ ခဲယမ်းတွေကို ပေးပို့ခဲ့ပေမယ့်လည်း အမ်းမြို့တိုက်ပွဲအတွင်း ရဟတ်ယာဉ်တစ်စင်းပါ ပစ်ချခံခဲ့ရတဲ့အထိ အခက်ကြုံခဲ့ရပါတယ်။
အမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုရင် ရခိုင်ရိုးမကို ကျော်လွန်ကာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက မြေပြန့်ဒေသကို တိုက်ရိုက် ခြိမ်းခြောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် အမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ စေတုတ္တရာ၊မင်းလှ၊ငဖဲမြို့နယ်တွေက ကပစလို့ ခေါ်တဲ့ လက်နက်စက်ရုံတွေရဲ့ လုံခြုံရေးကို နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက် စိုးရိမ်စရာ အခြေအနေဖြစ်လာမှာပါ။
ဆိပ်ဖြူမြို့နယ်မှာလည်း စစ်ဗိုလ်ချုပ်တွေအတွက် အားထားရာ လေယာဉ်ဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကပစ-၂၁ စက်ရုံလည်း ရှိနေပါတယ်။ စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးနေတဲ့ နေရာတွေ ရပ်တန့်သွားမယ်ဆိုရင် နိုင်ငံအနှံ့ စစ်မျက်နှာတွေမှာ စစ်ကောင်စီဟာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်လာရနိုင်ခြေ ရှိပါတယ်။
ရခိုင်တောင်ပိုင်းက တောင်ကုတ်တိုက်ပွဲ
ရခိုင်ပြည်နယ်မှာ စကခဌာနချုပ် ၃ ခုတည်ရှိပြီး တောင်ကုတ်က စကခ- ၅ ဟာ ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ တစ်ခုတည်း သော စစ်ဌာနချုပ်ဖြစ်ပါတယ်။
တောင်ကုတ်တိုက်ပွဲဟာ မြို့အပေါ်စီးကနေ နေရာယူထားတဲ့ ပန်းမြောက်တောင်စခန်းကို AAက အောက်တိုဘာ ၃၁ရက်မှာ တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြို့ပြင် ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တပြိုင်နက် ထိုးစစ်ဆင်ခဲ့ပါတယ်။
တောင်ကုတ်တက္ကသိုလ်၊ ဖုန်ညိုရွာ၊ မြို့အဝင်မှာရှိတဲ့ (စကခ ၅) ဂိတ်စခန်း၊ ကြိုးကြာကွင်းဂိတ်စခန်းနဲ့ မြို့မရဲစခန်းတို့ကို ၁၇ ရက်ကြာ ထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာတော့ တောင်ကုတ်မြို့တစ်ခုလုံးကို ထိန်းချုပ် နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
မြို့အပြင်မှာ ကျန်ရှိနေသေးတဲ့ စကခ ၅ တပ်မဌာနချုပ်နဲ့ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းဌာနချုပ်ခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ရင် မအီနဲ့ ဂွမြို့နယ်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်ပြီး အဲဒီမြို့နယ်နှစ်ခုကို သိမ်းပိုက်နိုင်ဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ရခိုင်ပြည်နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေးဟာ ပိုမိုနီးကပ်လာနေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲမှာ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲမြို့နယ်တွေကို သိမ်းပိုက်ထားနိုင်နေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ တောင်ကုတ်၊ အမ်းမြို့ဌာနချုပ်တွေဟာလည်း ကျဆုံးတော့မယ့် အခြေအနေတစ်ခုကို ရင်ဆိုင်နေရပြီး စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုတည်သာ အတိုက်ခိုက်မခံရဘဲ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။