သံလွင်ခက်
နိုဝင်ဘာ ၂၈၊ ၂၀၂၄။
ကချင်အထူးဒေသ – ၁ အဖြစ် သတ်မှတ်ချက် မထားရှိတော့ဘဲ ဒေသခံ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားခြင်းစာနာထောက်ထားမှု အခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြည်လည် ကြိုးစားတည်ဆောက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်-KIOက ထုတ်ပြန်လိုက်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်အထူးဒေသ – ၁ နယ်မြေအတွင်း ဌာနေပြည်သူများနှင့် ရင်းနှီးမြုပ်နှံသူများအနေဖြင့် KIO အပေါ် စိုးရိမ်စိတ်မထားရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် ကချင်အထူးဒေသ – ၁ ဆိုသည့် နာမ်စားသည် ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများကို စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်စေပြီး ထိုသို့ ခွဲခြားသတ်မှတ်ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်ရန် ရည်ရွယ်ကာ တိုက်ခိုက်ကာ အရယူခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ကချင်အထူးဒေသ – ၁ ၏ ဌာနချုပ်သည် တရုတ် – မြန်မာ နယ်စပ် ပန်ဝါမြို့တွင် တည်ရှိပြီး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) အဖြစ်အသွင်ပြောင်းထားသည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) တို့က ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့နယ် အပါအဝင် ဝိုင်းမော်မြို့နယ် တို့တွင် စစ်ရေးလှုပ်ရှားလေ့ရှိသည်။
ထိုတပ်ဖွဲ့ဝင်များနှင့် ဒေသများကို ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်းက ဦးဆောင် အုပ်ချုပ်သည်။
ဦးဇခုန်တိန့်ယိန်းသည် အဆိုပါ တပ်ဖွဲ့ကို KIO ၏ ကွန်မြူနစ်ဂိုဏ်းအဖြစ် ၁၉၈၉ မှ၂၀၀၉ ခုနှစ်အထိ ရပ်တည်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် လစာယူကာ မြန်မာစစ်တပ် လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ကချင်အထူးဒေသ – ၁ နယ်မြေဒေသများကို လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။