သံလွင်ခက်
နိုဝင်ဘာ ၂၈၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်အထူးဒေသ – ၁ ဌာနချုပ်ရှိရာ ပန်ဝါမြို့တွင် မြေရှားသတ္ထုများ တူးဖော်ရန် ပြန်လည်ပြင်ဆင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။
ပန်ဝါမြို့ရှိ မြေရှား သတ္ထုတူးဖော်သည့် တရုတ်ကိုယ်စားလှယ်များသည် လုပ်ငန်းဆိုဒ်များတွင် လုပ်ကိုင်ရန် အလုပ်သမား ဝန်ထမ်းများ ခေါ်နေသည်ဟု ပန်ဝါမြို့ရှိ သတ္ထုဆိုဒ်တွင် လုပ်ကိုင်နေသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အလုပ်တွေ အကုန်ပြန်စနေပြီ။ ဆိုဒ်တိုင်း ပြန်ဖွင့်နေပြီ။ ဆိုဒ်တိုင်း အရင်က လူလျော့ခဲ့တဲ့လူဟောင်းတွေကို ပြန်ခေါ်နေကြတယ်။ ကျွန်တော်တို့ဆိုဒ်တောင် မနေ့က ၂၀ကျော် ၃၀ လောက်ရောက်တယ်” ဟု ပြောသည်။
တိုက်ပွဲများကြောင့် လမ်းများ ပိတ်ထားသော်လည်း သတ္ထုထွက်ရှိသည့် နေရာများတွင် သတ္ထုတူးဖော်နေသူများမှာ ကျန်ရှိနေပြီး ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု မြေရှားသတ္ထုဆိုဒ်တစ်ခုတွင် အထွေထွေလုပ်သားအဖြစ် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်အာဏာပိုင်နှင့် KIA အစိုးရ အာဏာပိုင်တို့ နယ်စပ်ဂိတ်များ ပိတ်သဖြင့် မြေရှားသတ္ထုများကို လတ်တလော ဖို၌သာ စုထားပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်ခြင်း မရှိသေးဘူးဟု သတ္ထုဆိုဒ်များ၌ လုပ်ကိုင်နေသည့် အလုပ်သမားဝန်ထမ်းများထံက သိရသည်။
ထို့ပြင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် – KIO က ယနေ့ နေ့စွဲဖြင့် ကချင်အထူးဒေသ – ၁ ဟူသည့်သတ်မှတ်ချက်မရှိတော့ဘဲ ပန်ဝါမြို့အပြင် အဆိုပါဒေသများတွင် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားခြင်းစာနာထောက်ထားမှု အခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြည်လည် ကြိုးစားတည်ဆောက်သွားမည် ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်သည်လည်း BBC နှင့် သီးသန့်အင်တာဗျူးတွင် ကချင်ပြည်နယ် ပန်ဝါမြို့ရှိ မြေရှားသတ္ထုနဲ့ ပတ်သတ်ပြီး ၎င်းတို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက် မချရသေးဘဲ ယခုထပ် ပိုမို နည်းပညာ စနစ်တကျ လုပ်ဆောင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကချင်ပြည်နယ်မှတဆင့် တရုတ်နိုင်ငံကို မြေရှားသတ္တုတန်ချိန် ၄၁၇၀၀ အထိ တရားမဝင် တင်ပို့ခဲ့သည်ဟု Global Witness အဖွဲ့က ဆိုသည်။
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်အနီးရှိ ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်က အောက်တိုဘာလ ၁၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ-ပေးပို့