သဇင်နွယ်
နိုဝင်ဘာ ၂၇၊၂၀၂၄။
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူသစ် အလုပ်သမားမှတ်ပုံတင်(ပန်းရောင်ကတ်) လျှောက်ထားဖို့အတွက် ထိုင်းအစိုးရရဲ့ တော်ဝင်ပြန်တမ်းတစ်ခုသာလိုတော့တယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ ထိုင်းဝန်ကြီးများအစည်းဝေးက အချက် သုံးချက်နဲ့ လူသစ်တွေအတွက် ပန်းရောင်ကတ်ထုတ်ပေးမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။
ဒီလိုကြေညာခဲ့ပေမယ့် ဘယ်နေ့ဘယ်အချိန် လျှောက်ထားရမယ်ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိသေးပါဘူး။
လက်ရှိမှာ ပန်းရောင်ကတ် ( Pink Card) ထုတ်ပေးမယ့် အဆိုပြုလွှာကို ထိုင်းအစိုးရဆီတင်ပြထားပြီး အစိုးရက အတည်ပြုမှုကို စောင့်ဆိုင်းနေရတယ်လို့ နှစ်ပေါင်း ၂၀ ကျော် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအရေးလုပ်ဆောင်သူ ဦးမင်းထွန်းက ဆိုပါတယ်။
“အတည်ပြုချက်ဆိုတာက တော်ဝင်ပြန်တမ်း ထုတ်ပြန်ချက်ထွက်လာမှ အတည်ပြုလို့ရမယ် ။ ဒီအဆင့်တစ်ခုကိုပဲ ကျွန်တော်တို့ စောင့်နေကြတာဖြစ်ပါတယ်။
အဲ့အဆင့်ကိုလည်းရောက်နေပြီလို့ ပြောလို့ရတယ် ။ တော်ဝင်ပြန်တမ်းဆိုတာက ဒီနေ့ထုတ်ပြန်ပြီးဆိုတာနဲ့ ဒီနေ့ဆိုသလို သက်ရောက်မှုက မြန်ပါတယ်” ဟု ၎င်းက ဆိုသည်။
လူသစ်ပန်းရောင်ကတ် ထုတ်ပေးရန် အဆိုပြုလွှာကို အဆင့်ဆင့်တင်ပြရတာဖြစ်ပြီး တော်ဝင်ပြန်တမ်းထုတ်ပြန်တဲ့အဆင့်က နောက်ဆုံးအဆင့်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ထိုင်းနိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ လုပ်သား လိုအပ်ချက်ကို ထိုင်းအလုပ်ရှင်နဲ့ ထိုင်း-မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးကော်မတီဆီကို ကနဦးတင်ပြရပါတယ်။
အဲ့ဒီနောက် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးကော်မတီက ကက်ဘိနက်ခေါ် ထိုင်းဝန်ကြီးများအစည်းအဝေးဆီ အဆိုတင်သွင်းရတာပါ။
ဝန်ကြီးများအစည်းအဝေးက အတည်ပြုချက်ကို ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် ပန်းရောင်ကတ်ထုတ်ပေးမယ်လို့ တရားဝင်ကြေညာချက်ထွက်ရှိလာတာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ အဆိုပါအတည်ပြုချက်ကို ထိုင်းဘုရင့်နန်းတော်က ပြန်လည်စိစစ်မှာဖြစ်ပြီး ထိုင်းအစိုးရရဲ့ တော်ဝင်ပြန်တမ်းကသာ ပန်းရောင်ကတ်လုပ်ပေးတဲ့ လုပ်ငန်းစဉ်စတင်မယ့်ရက် အတိအကျကို ပြောနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ပန်းရောင်ကတ်အသစ် ထုတ်ပေးမယ့်တစ်ချိန်ထဲမှာပဲ ၂၀၂၁ နောက်ပိုင်း ပန်းရောင်ကတ်လုပ်ထားသူတွေက လာမယ့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာသက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
လာမယ့်နှစ် သက်တမ်းတိုးဖို့လိုနေတဲ့ လူဦးရေကလည်း ၂ သန်းနီးပါးရှိနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒါဟာ တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေဖြစ်ပြီး တရားမဝင်နေထိုင်သူ ၄ သန်းနီးပါးရှိနေတယ်လို့ ရွှေ့ပြောင်းအရေးလှုပ်ရှားသူတွေက ခန့်မှန်းကြပါတယ်။
ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေရဲ့ ပြောဆိုချက်အရ လူဟောင်းပန်းရောင်ကတ် သက်တမ်းတိုးမယ့်အချိန်မှာ လူသစ်ပန်းရောင်ကတ်ကိုပါ တချိန်တည်းလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
ဦးမင်းထွန်းက “ အခုဟာက သူတို့က အစီစဉ်လေးတစ်ခု ဆွဲနေတာပဲဖြစ်တယ်။ လောလောဆယ် ၁၂လပိုင်းထဲမှာ ဒါမှမဟုတ် ၁ လပိုင်းထဲမှာ ရောကြော်လုပ်မယ့် အနေအထားရှိနေတယ်။ ခုဆိုသက်တမ်းတွေကုန်မယ့်သူတွေ ၁၃ရက် ၂လပိုင်း ၂၀၂၅မှာကုန်မယ့်သူတွေက အရမ်းကိုများပါတယ်။ များတဲ့အခါမှာ အခုဒီတစ်ဖွဲ့ကိုလည်းတင်ပေးလိုက်မယ်ဆိုရင် တစ်ခါတည်းဖြစ်သွားမယ့် အနေအထားကို သူတို့စီမံခန့်ခွဲနေတယ်လို့လည်းသိရတယ်” ဟု ဆိုသည်။
လာမယ့် ပန်းရောင်ကတ်အသစ်ထုတ်ပေးမယ့် လုပ်ငန်းစဉ်မှာပါဝင်သူတွေဟာ တစ်နှစ်တာ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး ၁၈ နှစ်အောက် ၎င်းတို့ရဲ့ သားသမီးတွေကလည်း မိဘနဲ့ အတူနေထိုင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာလ ၂၆ ရက်မှာလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက လူသစ်မှတ်ပုံတင်ဖို့ လုပ်ငန်းစတင်တဲ့ရက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်အကိုင် ဌာနကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။