သံလွင်ခက်
နိုဝင်ဘာ ၂၈၊၂၀၂၄။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်နှင့် မုဒုံမြို့ရှိ စစ်ကောင်စီအမြောက်တပ် အမတ ၃၁၈အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး ) NMSP-AD က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အမတ (၃၁၈)အား ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ထို့နည်းတူ နိုဝင်ဘာလ ၂၃ ရက်တွင်လည်း သံဖြူဇရပ်မြို့အဝင်ရှိ ဖော်စိန်စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိနှစ်ဦး အပါအဝင် တပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို NMSP-AD အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး )တပ်ဖွဲ့ဝင်များ ။ ( NMSP-AD)