သဇင်နွယ်၊ သံလွင်ခက်
နိုဝင်ဘာ ၂၇၊ ၂၀၂၄။
ထိုင်းသတင်းဌာနများတွင် ဖော်ပြခဲ့သည့် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှ နိုင်ငံခြားသား ၃၉ ဦးအား ထိုင်းစစ်တပ် လူဝင်မှုကြီးကြပ်ရေးထံ အပ်နှံထားပြီး သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေသည်ဟု သိရသည်။
အဆိုပါ နိုင်ငံခြားသား ၃၉ ဦးတွင် သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦးတို့ ပါဝင်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး နိုင်ငံခြားသားများ လွတ်မြောက်လာရေးအတွက် ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့သူ ထိုင်းရောက် မြန်မာနိုင်ငံသား ကိုဆမ်ဂျေကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသည်။
သံလွင်ခက် – အရင်ဦးဆုံးအနေနဲ့ ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံခြားသားတွေကို ကယ်ထုတ်တဲ့ ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ပတ်သက်ဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးပါ။
ကိုဆမ်ဂျေ – ဒီအမှုက သီရိလင်္ကာအစိုးရဘက်က လိုက်နေတာ ကြာပြီလို့ သိထားတယ်။ အချိန်ကြာတဲ့အထိ ဘာမှမဖြစ်လာတဲ့အတွက် သီရိလင်္ကာနိုင်ငံက ဆရာတော် ဘုရားကိုယ်တိုင် ကြွလာပြီး ကျွန်တော်နဲ့ ဆက်သွယ်ခဲ့တဲ့အတွက် ဒီအမှုထဲကို ပါဝင်ခဲ့တာဖြစ်တယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်ရယ်၊ ကျွန်တော့်ညီလေးတစ်ယောက်ရယ် ဆရာတော်ရယ် ပေါင်းပြီး ဖော်ထုတ်ခဲ့တာပါ။
သံလွင်ခက် – ဒီဖြစ်စဉ်ကို ဘယ်လို အစဖော်ထုတ်နိုင်ခဲ့တာလဲ။ ကျားဖြန့်ထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေ လွတ်မြောက်ဖို့အတွက်ရော ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရလဲ။
ကိုဆမ်ဂျေ – ဆရာတော်ရဲ့ ဒါယိကာတစ်ယောက်က အဲဒီ (ကျားဖြန့်) အထဲမှာ ရောင်းစားခံရပြီး ရောက်နေတဲ့ သူတစ်ယောက် ပါတယ်။ အဲဒီသူက ဖုန်းခိုးသုံးပြီး တစ်ဆင့် အဆက်အသွယ် လုပ်တယ်။ သူတို့ ဘယ်အချိန် ဘာတွေ လုပ်ရတယ်အစ ဘယ်လိုနှိပ်စက်ခံရတဲ့ အကြောင်းတွေကို ကျွန်တော်တို့ဆီ အချက်အလက်တွေ ပို့တယ်။
နိုဝင်ဘာ ၁၁ ရက်ကနေ ဒီဟာကို စလုပ်တာ တော်တော်လည်း ခက်ခဲပြီး ပင်ပန်းခဲ့ပါတယ်။ ကျွန်တော်တို့မှာ တစ်ရက်ကို လေးနာရီပဲ အိပ်ချိန်ရှိတယ်။ ဘာလို့လဲဆိုတော့ ဟိုဘက်က သတင်းတွေက မနက် ၃ နာရီနဲ့ ၅ နာရီကြား (သူတို့ နားချိန်) ပဲ လာတာဆိုတော့လေ။ အဲဒီလိုအဆက်သွယ်လုပ်ရင်းနဲ့ အချက်အလက်ကို အတိအကျရတယ်။ ဒီအချက်လက်တွေနဲ့ သီရီလင်္ကာနိုင်ငံရဲ့ သံအမတ်ထောက်ခံစာတွေ၊ သမ္မတ ထောက်ခံစာတွေ ယူပြီးမှ DKBA (ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် ) အကြီးပိုင်းတွေနဲ့ တွေ့ပြီးမှ အချက်အလက်တွေ အကုန် အပ်ပြီး အကူအညီတောင်းခဲ့တာပါ။ အချိန်အားဖြင့် ၁၆ ရက် ကြာခဲ့ပြီးမှ နိုဝင်ဘာ ၂၅ မနက်မှာ Immigration (ထိုင်းလူဝင်မှုကြီးကြပ်ရေး) ဆီ အပ်နိုင်ခဲ့တာဖြစ်တယ်။
သံလွင်ခက် – DKBA ချိတ်ဆက်ပြီး လုပ်ဆောင်ရတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံခြားသားတွေကို ကယ်ထုတ်နိုင်ခဲ့တာလဲ။
ကိုဆမ်ဂျေ – DKBA ထဲမှာကို ကျွန်တော်တို့ ချောင်းပေါက်အောင် သွားပြီးမှ ထုတ်ထားတာပါ။ လူချင်းတွေ့ တာ လေးခေါက်လောက် ရှိမယ်။ ဖုန်းနဲ့ကတော့ အကြိမ်ကြိမ်ပါပဲ။ ဆရာတော်ဘုရားကိုယ်တိုင်လည်း ပါတယ်။ (သီရိလင်္ကာ) နိုင်ငံတော်အဆင့် ကိုးကွယ်တဲ့ ဆရာတော်ဖြစ်တယ်။ သူတို့ နိုင်ငံက ဝန်ကြီး၊ သံရုံးတွေ အကုန်လုံးရဲ့ စာတွေလည်း ပါတော့ ဆရာတော်ကိုယ်တိုင်လည်း ကြွပြီး လုပ်တော့ အရဲစွန့်ပြီး လုပ်လိုက်တဲ့ အလုပ် အောင်မြင်သွားတာပေါ့။
DKBA ဘက်ကလည်း လက်နက်အင်အား၊ လူအင်းအားတွေနဲ့ ကူညီခဲ့တာလည်း ပါတယ်ပေါ့။ ပြီးတော့ နောက်တစ်ခုက ထုတ်လာတယ်ဆိုတာ အလကား မရဘူးနော်။ ဆရာတော်ဘုရား ပိုက်ဆံတွေ အများကြီး သုံးထားတယ်။ အဲဒီပိုက်ဆံတွေကို တရုတ်တွေပဲ ယူတယ်။ သူတို့ ဝယ်ထားတဲ့ လူတဲ့ အလကားမပေးဘူး။ ဝယ်တဲ့ ပိုက်ဆံပေးဆိုတာမျိုးပေါ့နော်။
သံလွင်ခက် – လွတ်မြောက်လာတဲ့ သူတွေက သူတို့ ဘယ်လိုနှိပ်စက်ခံရတယ်ဆိုတဲ့အကြောင်းတွေ ပြောပြသေးလား။
ကိုဆမ်ဂျေ – တရုတ်ဆိုက်တွေထဲမှာ မြေအောက်ခန်းလိုဟာမျိုး ရှိတယ် ပြောတယ်။ သူတို့စကား နားမထောင်တာ၊ သူတို့ လိမ်ခိုင်းတဲ့အတိုင်း မလိမ်ဘူးဆိုရင် အမှောင်ခန်းထဲ ထည့် နှိပ်စက်တာမျိုး လုပ်တယ် ။ မိန်းကလေးဆိုရင် အဓမ္မမုဒိမ်းကျင့်ခံရတယ်။ ကျွန်တော်တို့ ကယ်ထုတ်တဲ့ သီရိလင်္ကာက အမျိုးသမီးတစ်ယောက်လည်း မုဒိမ်းကျင့်ခံရတယ်။ နောက်ထပ် ယောက်ကျားလေး တစ်ယောက်ဆိုရင် သူတို့ လုပ်ခိုင်းတာ မလုပ်လို့ ထိုင်ထ အခါ ၁၀၀၀ လုပ်ခိုင်းတာ ၇၀၀ မှာတင် မူးလဲပြီး ခြေထောက်က အခုထိ ထော့နဲ့ ထော့နဲ့ ဖြစ်နေတုန်းပဲ။ ပုလင်းကွဲတွေကို ထောင်ပြီးမှ ခြေထောက်နဲ့ နင်းခိုင်းတယ်။ ဖင်တွေကိုလေ ကျဉ်စက်တွေနဲ့ တို့ထားတာဆိုရင် အချပ်လိုက် အချပ်လိုက်ပဲ။
သံလွင်ခက် – လက်ရှိမှာ လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေက ထိုင်းစစ်တပ်လက်ထဲမှာဆိုတော့ ထိုင်းဘက်ကရော သူတို့တွေအတွက် ဘယ်လိုစီစဉ်နေတာရှိလဲ။
ကိုဆမ်ဂျေ – ထိုင်းစစ်တပ်ကတော့ လူဝင်မှုကြီးကြပ်ရေးဆီ အပ်ပြီးတော့ ဆယ်ရက်အတွင်း သက်ဆိုင်ရာ နိုင်ငံဆီ ပြန်ပို့ဖို့ သံရုံးတွေနဲ့ ချိတ်ဆက်နေတယ် ။ ထိုင်းဘက်က သူတို့ကို ဆက်ရက်အတွင်း ပြန်ပို့ပါလိမ့်မယ်။
သံလွင်ခက် – အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။