သံလွင်ခက်
နိုဝင်ဘာ ၂၃၊၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ရေးမဟာဗျူဟာကျသည့် မထော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယမန် နေ့တွင် ထုတ်ပြန်သည်။
KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက “ မထောစခန်းကို နိုဝင်ဘာ ၁၉ ရက်ထဲက စပစ်ပြီး ၂၂ ရက် မနက်ပိုင်းလောက်မှ စစ်ကောင်စီ စခန်းကလူတွေ အားလုံးထွက်ပြေးသွားလို့ စခန်းကို အပြီးသိမ်းလို့ ရသွားတယ်” ဟု ဆိုသည်။
မထောအခြေစိုက်စစ်ကောင်စီစခန်းသည် စကခ(၈)လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တို့ အခြေစိုက်ထားသည့် စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်အမြောက်အများသိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည် ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်နေ့က ဖာပွန်မြို့နယ်ရှိ သက်တမ်း ၇၀ ရှိသည့် ကူးဆိပ်စခန်းအားသိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်တွင်လည်း ၃၂ နှစ်သက်တမ်းရှိသည့် ခေါပုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
“ထွက်ပြေးသွားတဲ့စကစလူတွေကတော့ တောင်သုံးလုံးစခန်း နဲ့ ပြန်လည်ပူးပေါင်းတယ်လို့ပြောတယ် အင်အား ၃၀ ဝန်းကျင်ရှိမယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆက်ပြောသည်။
လက်ရှိတွင် ဖာပွန်ဗျူဟာစခန်းအနီးရှိ တပ်စခန်းငယ်များကို သိမ်းပိုက်ထားနိုင်ပြီး ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ တပ်စခန်းငယ်များသာ ကျန်ရှိသည် ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဖာပွန်မြို့နယ်အတွင်း ဖာပွန်ဗျူဟာအပြင် တောင်သုံးလုံး၊ ကတိုင်ထိ၊ ကမမောင်းဗျူဟာနှင့် ကရင်နယ်ခြားစောင့်တပ် – BGF တပ်စခန်းများ ကျန်ရှိနေသေးသည်။
ဓာတ်ပုံ- မထောစခန်းသိမ်းတိုက်ပွဲအတွင်းသိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းများ။(KNU)