ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၃၊ ၂၀၂၄။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့က ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား ၁၉ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၂၀၀ ခန့်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂၆ကြိမ်၊ Y-12 သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြု၍ နှစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူ ဆလိုင်းယောမာန်က သံလွင်ခက်ကိုပြောသည်။
“Y-12 နဲ့က တစ်ကြိမ်လာကြဲရင် ဗုံးအလုံး ၈၀ ကနေ ၁၀၀ ဝန်းကျင်ကို လာကြဲတယ်။ cluster ဗုံးတွေပါ အသုံးပြုတာတွေ့ရတယ်” ဟုပြောသည်။
ချင်းညီနောင်စစ်ဆင်ရေး(Chin Brotherhood operation) CB စစ်ဆင်ရေးအနေဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်က ချင်းညီနောင်မဟာမိတ်အဖွဲ့များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယခုအချိန်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ဆလိုင်းယောမာန်က ဆက်ပြောသည်။
“လွန်ခဲ့တဲ့နှစ်ပတ်လောက်က တိုက်ပွဲတွေတောက်လျှောက်ပြင်းထန်လျက်ရှိပါတယ်။ စစ်ဆင်ရေးကိုတော့ ချင်းညီနောင်မဟာမိတ်အကုန်လုံးပါဝင်လျက်ရှိပါတယ်” ဟုပြောသည်။
မင်းတပ်မြို့ပေါ်ရှိ ပြည်သူအားလုံးနီးပါးကို လုံခြုံရာသို့ ပြောင်းရွှေ့ပေးထားပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လကလည်း ချင်းညီနောင်စစ်ဆင်ရေးအတွင်း ကျင်ဒွေးမြို့နှင့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃၀၄ ၊ခြေလျင်တပ်ရင်း ခလရ-၁၄၀ တို့အပြင် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးစစ်ဗျူဟာတစ်ခုဖြစ်သည့် မတူပီအခြေချဗျူဟာတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
မင်းတပ်မြို့သည် နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီကို တူမီးသေနတ်ဖြင့် အစောဆုံး ခုခံတွန်းလှန်ခဲ့သည့် မြို့ဖြစ်သည်။
ပုံစာ-ပြီးခဲ့သည့် ဧပြီလအတွင်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်ခံရသည့်မြင်ကွင်း။
ဓာတ်ပုံ-CDF-Mindat