ဘုန်းမောင်
နိုဝင်ဘာ ၂၁၊ ၂၀၂၄။
မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများက မကြာခင်အချိန်အတွင်း ပြီးဆုံးသွားမည့်အရိပ်အယောင်မပေါ်သေးပါ။ ထို့ကြောင့်လည်း မြန်မာနိုင်ငံနှင့်အိမ်နီးချင်းဖြစ်သောထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ဝင်ရောက်လာနေသော ပုံမှန်မဟုတ်သည့်ရွှေ့ပြောင်းနေထိုင်မှုနှင့်ပတ်သက်ပြီး ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရလေသည်။
လက်ရှိဖြစ်ပေါ်နေသောပြဿနာများအပေါ် လုံလောက်ပြီးရေရှည် တည်တံ့မည့်ဖြေရှင်းနည်းမျိုးမရှိခဲ့ပါက ထိုင်းနိုင်ငံသည် ၎င်း၏စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် နိုင်ငံ၏အလုံးစုံဖွံ့ဖြိုးတိုးတက်မှုများကို အကြီးအကျယ်ထိခိုက်စေမည်သာဖြစ်သည်။
လက်ရှိအာဏာရအစိုးရဖြစ်သော ပေတုန်တန် ရှင်နာဝပ်အစိုးရအနေဖြင့် အဆိုပါပြဿနာများကိုဖြေရှင်းရန် အတွက် ချက်ချင်းလက်ငင်းအကောင်အထည်ဖော်မှုကို ဦးစားပေးဆောင်ရွက်သင့်ပြီး ရွှေ့ပြောင်းနေထိုင်သူ များ၏ အသက်မွေးဝမ်းကျောင်းမှုတိုးတက်လာစေရန်အတွက် အစီအမံများနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေမည့်ယန္တရားအသစ်များကိုလည်း ဖော်ဆောင်သင့်ပါသည်။ ထိုသို့ဖော်ဆောင်ရန်အတွက် ကြီးမားသောအားထုတ်မှုမျိုးလိုအပ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ၊ နေရပ်စွန့်ခွာထွက် ပြေးသူများ၊ နိုင်ငံရေးဒုက္ခသည်များနှင့် ထိုင်းနယ်စပ်ပ်ကိုဖြတ်ကျော်ဝင်ရောက်လာသော ထိခိုက်လွယ်အုပ်စု များအပါအဝင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာမြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် လူသားဘဝလုံခြုံရေးအခြေအနေများ ပိုမိုဆိုးရွားလာနေသောကြောင့် အစုလိုက်အပြုံလိုက်ထွက်ခွာမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ဖော်ပြပါလူအများစုသည် ထိလွယ်ခိုက်လွယ်သူများဖြစ်ကြပြီး ထိုင်းနိုင်ငံထံက ရနိုင်သမျှသောအကူအညီအားလုံး လိုအပ်နေသူများလည်းဖြစ်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူကုန်ကူးခံရမှုနှင့် ပဋိပက္ခအတွင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ၏သားကောင်းများ ဖြစ်လာနိုင်ခြေရှိသည်။
မကြာသေးခင်ကပဲ အောက်လွှတ်တော်၏ ဥပဒေ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီက ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုနှင့်ပတ်သက်သော အစီရင်ခံစာတစ်စောင်ကိုထုတ်ပြန်ခဲ့ပြီး ယင်းတွင် ရေရှည်လက်ကိုင်ပြုဖြေရှင်းရမည့်နည်းလမ်းများအကြာင်းကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။
ပြီးခဲ့သောအောက်တိုဘာလမှာတော့ ပုံမှန်မဟုတ်သော အုပ်စုလိုက်ရွှေ့ပြောင်းနေထိုင်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကောက်ယူရန်နှင့် ထိုင်းနိုင်ငံတွင်ကြုံနေရသည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာစိန်ခေါ်မှုများကို ဆန်းစစ်အကဲဖြတ်ရန်အတွက် အထူးကော်မတီခွဲတစ်ခုကို ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီခွဲ၏တာဝန်က ရှိရင်းစွဲဥပဒေများနှင့် တရားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ဟာကွက်များကြောင့် အကာအကွယ်နည်းပါးသောအုပ်စုများသည် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိဖို့ ပိတ်ပင်တားမြစ်ခံရခြင်း စသည့်ဖြစ်စဥ်များကြုံတွေ့နေခြင်းရှိ မရှိဆန်းစစ်ဖို့ဖြစ်သည်။
ထိုင်းနိုင်ငံမှာတော့ တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသောခေါင်းစဥ်အောက်၌ တရားမဝင်ဝင်ရောက်ခြင်း၊ တရားမဝင်နေထိုင်ခြင်းနှင့် တရားမဝင်အလုပ်လုပ်ကိုင်ခြင်းဆိုသည့် အဆင့်များအားလုံးကိုခြုံငုံ သတ်မှတ်ထားသည်။
ယင်းအပြင်း အဆိုပါတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား အုပ်စု ၃ စုခွဲပြီး သတ်မှတ် နိုင်ပါသေးသည်။ အဆိုပါအုပ်စု ၃ စုမှာ (၁) နေရပ်စွန့်ခွာရသဖြင့် ထိုင်းနိုင်ငံကိုရောက်လာကြသူများ (၂) နိုင်ငံမဲ့သူများနှင့် (၃) ရွှေ့ပြောင်းလုပ်သားများအပါအဝင် အထောက်အထားမဲ့ဝင်ရောက်လာကြသူများဖြစ် သည်။ ဖော်ပြပါအုပ်စုများသည် လူကုန်ကူးမှုနှင့် အဓမ္မအလုပ်စေခိုင်းခံရမှုများကြောင့် မကြာခဏဆိုသလို ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရလေ့ရှိကြသည်။
ယခုနှစ် မတ်လအထိ နောက်ဆုံးကောက်ယူထားသောအချက်အလက်များအခြေခံပြီး ထိုင်းအလုပ်သမားဝန် ကြီးဌာန၊ အလုပ်အကိုင်ရေးရာဌာနခွဲ၏ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော တရားဝင် ရွှေ့ပြောင်းလုပ်သား ၃,၄၁၅,၇၄၄ ဦးရှိသည်ဟု သိရသည်။
သို့သော် တရားဝင်မဟုတ်သောအလွတ်သဘော ခန့်မှန်းချက်များအရဆိုလျှင်မူ ထိုင်းနိုင်ငံတွင် တကယ်တမ်းရှိနေသောအရေအတွက်က ၅ သန်းကျော်ဝန်း ကျင်ဖြစ်သည်ဟုသိရသည်။ ဒေသန္တရအုပ်ချုပ်ရေးဌာန၏ထုတ်ပြန်ချက်မှာတော့ အခြေအနေအရနိုင်ငံမဲ့အ ဖြစ်သတ်မှတ်ခံရသူများနှင့် အထောက်အထားမဲ့အရေအတွက်စုစုပေါင်းက ၅၈၆,၅၈၄ ဦးရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါကိန်းဂဏန်းသည်လည်း လက်တွေ့အတိုင်းအတာထက်လျော့နည်းမည့်ပုံပေါ်သည်။
လက်ရှိမှာတော့ ကီလိုမီတာ ၂,၄၀၀ ရှည်လျားသောနယ်စပ်တလျှောက် ဖြန့်ကျက်နေထိုင်နေကြရသည့် နေ ရပ်စွန့်ခွာလာသူပေါင်း ၁၅၆,၀၀၀ ဝန်းကျင်ရှိနေသည်။ အဆိုပါအရေအတွက်တွင် နယ်စပ်ဒုက္ခသည်စခန်း ၉ ခုတွင်ခိုလှုံနေကြသူ ၈၅,၀၀၀ ဦးနှင့် မြန်မာနိုင်ငံတွင်းပဋိပက္ခများကြောင့်ထွက်ပြေးလာကြရသူ ၅၁,၀၀၀ ကိုပါ ထည့်သွင်းရေတွက်ထားပါသည်။ ယင်းအပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR တွင် မှတ်ပုံမတင်ထားရသေးသည့် နောက်ထပ်ဒုက္ခသည်အရေအတွက် ၂၀,၀၀၀ ဝန်းကျင်ကျန်နေပါသေးသည်။
ဖော်ပြပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုလျှင် ထိုင်းနိုင်ငံသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျုံးဝင်သည့် ချဥ်းကပ်မှုမျိုးလိုအပ်လိမ့်မည်ဟု ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အာရှသုတေသနစင်တာ တွင် အလုပ်လုပ်ကိုင်နေသည့် ဒေါက်တာ ဆူပန်ချန်တာဗနိချ် (Dr. Supang Chantavanich) ကပြောသည်။
ထိုကဲ့သို့သောချဥ်းကပ်မှုမျိုးကို ရွှေ့ပြောင်းအခြေချသူများ၊ ပြည်ပထွက်ခွာသူများ၊ နယ်ခံလူ့အဖွဲ့အစည်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရှင်များ၊ ပုဂ္ဂလိကဆိုင်ရာကဏ္ဍများ၊ လွှတ်တော်အမတ်များ၊ ကုန်သွယ် ရေးသမဂ္ဂများ၊ လူ့အဖွဲ့အရေးဆိုင်ရာအဖွဲ့အစည်းများ၊ မီဒီယာများအပါအဝင် သက်ဆိုင်ရာအစုအဖွဲ့ကိုလွှမ်းခြုံသော မတူကွဲပြားသည့်အစုအဖွဲ့များက အတူလက်တွဲလုပ်ဆောင်ကာ ရွှေ့ပြောင်းမှုဆိုင်ရာပုံစံမျိုးစုံကို ရှုထောင့်ပေါင်းစုံကနေ ချဥ်းကပ်ဆောင်ရွက်ရမည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချမှု သဘောတူညီချက်တွင်ဖော်ပြထားသည်။
ထိုင်းဘုရင့်နိုင်ငံတော်သည် သက်တမ်းအိုမင်းလာသည်နှင့်အမျှ အလုပ်လုပ်နိုင်သူအချိုးအစားကျဆင်းလာ ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း အရှိန်အဟုန်ဖြင့်နှေးကွေးလာခြင်းတို့ကို ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံကနေ ပုံမှန်မဟုတ်သောရွှေ့ပြောင်းဝင်ရောက်မှုများရှိလာသောအခါမှာတော့ ထိုင်းနိုင်ငံသည် ၎င်း၏ ရှိရင်းစွဲပုံစံများကို ပြန်လည်သုံးသပ်ဖို့လိုအပ်နေပြီဖြစ်သည်။ ထိုင်းအစိုးရလက်ရှိကျင့်သုံးနေသော လုံခြုံရေးဦးစားပေးပြီး အရာရာအပေါ်စဥ်းစားသည့်ချဥ်းကပ်မှုမျိုးက အလုပ်မဖြစ်တော့သည့်အပြင် မူဝါဒရေးရာစီမံခန့်ခွဲမှုနှင့် များစွာလိုအပ်သော လူသားထုအချိုးအစားပါဝင်နိုင်မှုများလည်း ကင်းမဲ့နေပါသည်။
ထိုင်းလွှတ်တော်သည် ရှင်းလင်းပြတ်သားပြီး ရေရှည်တည်တံ့သည့်မူဝါဒကင်းမဲ့နေခြင်း၊ စီမံဆုံးဖြတ်ချက်တွေမှာ ဗဟိုချုပ်ကိုင်မှုများလွန်းနေခြင်း၊ ရှည်လျားထွေပြားကာ ရှုပ်ထွေးလွန်းသည့်လုပ်ငန်းစဥ်များ များပြားနေခြင်း၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော အခြေခံဝန်ဆောင်မှုများလက်လှမ်းမမီနိုင်အောင် အကန့် အသတ်များလွန်းနေခြင်းအပါအဝင် ပြဿနာ၏ရင်းမြစ် ၈ ချက်ကို ထုတ်နှုတ်ဖော်ပြထားသည်။ အခြားသောပြဿနာများကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကောက်ယူရန်ခက်ခဲနေခြင်း၊ အမြဲတမ်း အခြေချနေထိုင်ခွင့်၊ ထိုင်းနိုင်ငံသားဖြစ်ခွင့်နှင့် အခွင့်အရေးချိုးဖောက်ခံရသည့်အေခြအနေများတွင် တရားမျှတမှုလမ်းကြောင်းဆီ လက်လှမ်းမီနိုင်ရေးတို့ဖြစ်ကြသည်။
နောက်ထပ်ဖြေရှင်းရမည်က ရှိရင်းစွဲဥပဒေစည်းမျဥ်းများနှင့် လုပ်ထုံးလုပ်နည်းများကို သင့်တော်အောင် ပြောင်းလဲပြင်ဆင်ရန်၊ တရားမဝင်ရွှေ့ပြောင်းမှုများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာယန္တရားကို ပိုမိုကောင်းမွန်အောင်မြှင့်တင်ရန်၊ အခြေခံအခွင့်အရေးများနှင့် ဝန်ဆောင်မှုများအားလက်လှမ်းမီနိုင်အောင်စီမံဆောင်ရွက်ပေးရန်တို့ကိုလည်း ထည့်သွင်းအကြံပြုထားသည်။
အဆိုပါလေ့လာသုံးသပ်ချက်များထဲတွင် ပြင်ဆင်ပြောင်းလဲသင့်သည့် ဥပဒေ ၃ ခုကိုလည်း ထည့်သွင်းအစီ ရင်ခံထားသေးပြန်သည်။ ယင်းတို့မှာ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ၂၀၁၈ ခုနှစ် နိုင်ငံရပ်ခြား လုပ်ငန်းခွင်များဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အမိန့်ဒီကရီနှင့် ၁၉၉၁ ခုနှစ် လူမှုမှတ်ပုံတင်အက်ဥပဒေများပဲ ဖြစ်ကြသည်။ ယင်းတို့အနက်က အကာအကွယ်အကင်းမဲ့ဆုံးဖြစ်သောအုပ်စုများအတွက်အခွင့်အရေးနှင့် အကာအကွယ်ပေးရန်အစီအမံများကိုသတ်မှတ်ရန်အတွက် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအား ပြင်ဆင်သင့်သည်ဟုအကြံပြုထားသည်။
မိမိတို့မွေးရပ်မြေတွင် နှိပ်စက်ညှဥ်းပမ်းမှုများကြောင့် ဇာတိမြေ သို့မပြန်နိုင်သောဒုက္ခသည်များ သို့မဟုတ် လူတစ်ဦးချင်းစီကိုအကာအကွယ်ပေးနိုင်အတွက် ဥပဒေသစ် ပြဋ္ဌာန်းပေးရန်ကိုလည်း အဆိုပါလေ့လာမှုတွင် အစီရင်ခံတင်ပြထားသည်။
အဆိုပါအဆိုပြုချက်များအားလုံးက အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းလွှတ်တော်အမတ်များအားလုံးသည် တူညီသောဘက်တစ်ဖက်တည်းတွင် တူတူရပ်တည်နေကြသည် မဟုတ်သောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ မတူကွဲပြားသောဝန်ကြီးဌာနအသီးသီးတို့သည် ကိုယ့်သဘောနှင့်ကိုယ် ထင်ရာစိုင်းနေတတ်ကြသလို အမြင်ကျဥ်းမြောင်းခြင်း၊ ဘတ်ဂျက်အကန့်အသတ်ဖြင့် ရှေ့ ဆက်နေရပါသည်။
ဆိုခဲ့ပါ တစ်ဖွဲ့တည်းကထင်တိုင်းကြဲနေသောအလေ့အထကိုခွာချနိုင်ရန်အတွက် အရာရှိများ၊ မူဝါဒရေးဆွဲသူများသည် တူညီသောပန်းတိုင်ကို တူညီသောအမြန်နှုန်းဖြင့် အတူတူသွားနေကြသည်ဆိုတာ သေချာအောင် အရင်ဆုံးညှိယူရမည်လည်းဖြစ်သည်။ သို့ပါမှသာ ရေရှည်တည်တံ့နိုင်မည့်ဖြေရှင်းနည်းမျိုးထွက်ပေါ်လာမည်လည်းဖြစ်သည်။
ဥပမာအနေဖြင့်ဆိုရလျှင် မြန်မာနိုင်ငံဘက်တွင် ပဋိပက္ခများပို၍ပြင်းထန်လာသောအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် ဗျူရိုကရက်လမ်းဟောင်းကိုစွဲကိုင်ထားမည့်အစား ရွှေ့ပြောင်းအလုပ်သမားများမှတ်ပုံတင် ခွင့်ရရှိနိုင်ရေးကို ပိုမိုမြန်ဆန်ချောမွေ့အောင် နည်းလမ်းရှာဖွေသင့်ပါသည်။ ယင်းအပြင် ထိုင်းအာဏာပိုင်များသည် ယခုကိစ္စ၏အပြောင်းအလဲကိုမှတ်သားထားပြီး သတင်းများကို အချိန်နှင့်တပြေးညီနားစွင့်ထားဖို့ လိုပေသည်။ ဥပမာ- ပြီးခဲ့သောဧပြီလတွင် မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းလိုက်သောကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးလာသော ဒုက္ခသည်အရေအတွက်တိုးလာခဲ့သည်။
ထိုင်းလွှတ်တော်သည် ထိုင်းနိုင်ငံတွင်မွေးဖွားသည့် မည်သည့်ကလေးမျိုးကိုမဆို အထောက်အထားရှိရှိ မရှိရှိ တစ်ဆင့်ခွဲခြားနှိမ့်ချဆက်ဆံတာမျိုးမရှိစေရန် ထိုင်းအစိုးရကို တောင်းဆိုထားသည်။ အလားတူပင် ရွှေ့ပြောင်းအလုပ်သမားများ၏သားသမီးများ၊ နိုင်ငံမဲ့ကလေးငယ်များ၏ ပညာရေးအတွက်လမ်းဖွင့်ပေးရန်၊ ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာထောက်ပံ့မှုများပေးအပ်ရန်အတွက်လည်း မူဝါဒများလိုအပ်နေပါသည်။ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်သည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဒေသဆိုင်ရာအာဏာပိုင်များအကြား ပိုမိုကောင်းမွန်စွာနားလည်နိုင်မှုနှင့် အသိပညာပေးမှုများ မရှိမဖြစ်လိုအပ်ပါသည်။
အတားအဆီးနှင့်စိန်ခေါ်မှုများရှိနေသည်ဆိုသော်လည်း တစ်ဖက်ကိုကြည့်မည်ဆိုပါက အပေါင်းလက္ခဏာ ဆန်သောတိုးတက်မှုများအား မြင်နေရသည်ဟု နယ်စပ်ညွှန့်ပေါင်းအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး လီယွန်ဒီရီယက်ဒ်က်တန် (Leon de Riedmatten) ကပြောသည်။
အဆိုပါတိုးတက်မှုများအနက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထိုင်းဘာသာစကားအား ဒုက္ခသည်စခန်းများတွင် သင်ကြားနိုင်မည်ဟု မကြာမီကပင်ကြေညာခဲ့ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ရီယက်ဒ်က်တန်ကပြောသည်။ ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းကလေးငယ်များအား ထိုင်းစာသင်ကြားပေးရန်ပြင် ဆင်လာခြင်းက ဒုက္ခသည်စခန်းများနှင့်ပတ်သက်သောမူဝါဒများကို ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်ကို ထင်ဟပ်စေသည်ဟုလည်း ၎င်းကဆိုသည်။ အဆိုပါဒုက္ခသည်စခန်းများသည် ယာယီခိုလှုံနေထိုင်ခွင့်ဆိုသော ခေါင်းစဥ်အောက်တွင်ရှိနေသော်လည်း ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သော ဒုက္ခသည်စခန်းများလည်း ဖြစ်ကြသည်။
ယင်းအပြင် နယ်စပ်ဒုက္ခသည်စခန်း ၉ ခု၌ ခိုလှုံနေထိုင်သူများအား ၎င်းတို့အမြဲအခြေချမည့် ရပ်ရွာတစ်ခုခုကိုဖြစ်စေ၊ တတိယနိုင်ငံတစ်ခုခုကိုဖြစ်စေ ပြောင်းရွှေ့နေထိုင်ရေးအတွက်လည်း နည်းလမ်းရှာဖို့လိုအပ်သေး ပုံပေါ်သည်။ လက်ရှိအခြေအနေများအရဆိုလျှင်တော့ အဆိုပါဒုက္ခသည်များ မြန်မာနိုင်ငံပြန်ရေးဆိုသည်က သိပ်ကိုခက်ခဲလွန်းသောကိစ္စတစ်ခုဖြစ်နေပါသေးသည်။
နယ်စပ်တွင်ဖွင့်ထားသော ယာယီဒုက္ခသည်စခန်းများကို ထိုင်းအစိုးရအနေဖြင့် ရေတိုကာလတစ်ခုအတွင်း၌ ပိတ်ပစ်မည်ဆိုပါက အဆိုပါဒုက္ခသည်စခန်းများတွင်နေထိုင်သူများအား ထိုင်းလူ့အဖွဲ့အစည်းထဲထည့်သွင်း မည့်ရွေးချယ်မှုကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားသင့်သည်ဟုလည်း ရီယက်ဒ်က်တန်က ထောက်ပြပြောဆိုသွားခဲ့သည်။
လွတ်လပ်စွာရပ်တည်နေသော လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် စီးပွားရေးနှင့် လူမှုရေးစင်တာ၏အမှုဆောင်ဒါရိုက်တာ ဦးဇော်ဦးကတော့ ပုံမှန်မဟုတ်သောရွှေ့ပြောင်းဝင်ရောက်မှုများမြင့်တက်လာနေသည့်အပေါ် အဓိကတိုးတက်သင့်သည့်အပိုင်း ၃ ပိုင်းကို ထောက်ပြပြောဆိုသွားခဲ့သည်။
ပထမဆုံးအချက်က အလုပ်အကိုင်ခန့်အပ်မှုများတွင် ပိုမိုရှင်းလင်းပြီး ကုန်ကျစရိတ်သက်သာစေရန်ဖြစ်သည်။ ဒုတိယအချက်မှာ ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့်ကိုက်ညီရန်အတွက် ရွှေ့ပြောင်းလုပ်သားများ၏ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်ဖြစ်သည်။ တတိယနှင့်နောက်ဆုံးအချက်ကတော့ ငွေလွှဲပြောင်းမှုနှင့် ပဋိပက္ခအလွန်ကာလများတွင် ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်ဖြစ်သည်။
ဖော်ပြပါအဆိုပြုချက်များနှင့် အကြံပေးချက်များက မျှော်လင့်ချင်စရာကောင်းလွန်းနေပါသော်လည်း လက်တွေ့အလုပ်ဖြစ်မဖြစ်ဆိုသည်ကတော့ ထိုင်းအစိုးရသစ်၏အဆိုပါစိတ်ကူးများအပေါ် လက်တွေ့အသုံးချ မချဆိုသည့်အပေါ်မှာ အများကြီးမူတည်နေပါသည်။
မြန်မာနိုင်ငံဘက်ကပဋိပက္ခများအပေါ်အကြောင်းပြုပြီးဖြစ်ပေါ်လာမည့် အခြေအနေများကိုတုံ့ပြန်ရန်တာဝန်ယူထားသည့် ယခင်အစိုးရလက်ထက်က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပန်ပရီဘာဟဒ်ဒါ နျူကာရာ ဦးဆောင်ဖွဲ့စည်းခဲ့သောကော်မတီကို ဖွဲ့စည်းပုံအသစ်နှင့်အစားထိုးရန် ပြင်ဆင်ထားပါသည်။
ကော်မတီသစ်တွင် လက်ရှိနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထံရေးနှင့် အမျိုးသားထောက်လှမ်းရေးဌာန၏ အရာရှိကြီးများပါဝင်မည်ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် လက်မှတ်ထိုးပြီးသည်နှင့် အဆိုပါ ကော်မတီသည် အသက်ဝင်လာမည်ဖြစ်သည်။
ကော်မတီ၏အဓိကတာဝန်မှာ မြန်မာ့အခြေအနေများကိုစောင့်ကြည့်လေ့လာရန်၊ ထောက်ခံချက်နှင့် အကြံပြုချက်များတင်ပြရန်၊ သက်ဆိုင်ရာအေဂျင်စီများ၊ ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊ အချိန်နှင့်တပြေးညီ လူထုအား ဆက်သွယ်အသိပေးမှုများဆောင်ရွက်ရန်တို့ဖြစ်သည်။ အဆိုပါယန္တရားလည်ပတ်မှုအရ ထိုင်းနိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်လာလျှင် အာဆီယံ၏မူဘောင်အတွင်းကချဥ်းကပ်ပြီး တစ်နိုင်ငံတည်း အနေဖြင့်ရော နိုင်ငံတကာနှင့်ပါပူးပေါင်းကာ ပိုမိုတက်ကြွစွာကူညီဖြေရှင်းပေးမည့်နိုင်ငံတစ်ခုအဖြစ် ရုပ်လုံး ပေါ်လာမည်လည်းဖြစ်ပေသည်။
အမှန်တကယ်ဆိုလျှင်လည်း အသစ်ဖွဲ့စည်းမည့်ကော်မတီသည် ကော်မတီခွဲများခန့်အပ်ပြီး လွှတ်တော်အစီ ရင်ခံစာတွင်မီးမောင်းထိုးဖော်ပြထားသည့် အထက်ဖော်ပြပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အမြန်ဆုံး လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ ထိုသို့ မဆောင်ရွက်ဘဲ အချိန်ဆွဲနေဦးမည်ဆိုပါက ပုံမှန်မဟုတ်သောရွှေ့ ပြောင်းအခြေချနေထိုင်မှုပြဿနာက ထိုင်းနိုင်ငံကိုဖောက်ခွဲပစ်လိုက်မည့် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်လာနိုင်ပါသည်။
______________________
ဘန်ကောက်ပို့စ်တွင်ဖော်ပြထားသော ဆောင်းပါးရှင် ” Kavi Chongkittavorn” ၏ “Solving the Myanmar migrant surge” ကိုဆီလျော်အောင်ရေးသားသည်။