ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၂၊ ၂၀၂၄။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ရုံကို လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့-Yangon Army က ယမန်နေ့တွင်ထုတ်ပြန်သည်။
Yangon Army(YA) အဖွဲ့၏ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူများကို လက်ဆောင်ပေးသည့်အနေဖြင့် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် M79 လက်နက်ကြီးဖြင့် ၄၀ မမ သုံးလုံးကို အသံလွှင့်ရုံတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မြဝတီရုပ်သံဌာနသည် စစ်ကောင်စီပိုင်အသံလွှင့်ဌာနဖြစ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု YA အဖွဲ့၏ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“ပြည်သူကို မဟုတ်မမှန်တဲ့ သတင်းတွေ ဝါဒမှိုင်းတိုက်နေတဲ့ ရုပ်သံဌာနဖြစ်လို့ တိုက်ခိုက်တာပါ” ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“တစ်လုံးက ဂိတ်ဝကိုကျတယ်။ နှစ်လုံးကတော့ အထဲကိုရောက်အောင်ပစ်နိုင်ခဲ့တယ်” ဟုပြောသည်။
Yangon Army မြို့ပြပြောက်ကျားအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။
ပုံစာ-အာဏာသိမ်းစစ်ခေါင်းဆောင်က မှော်ဘီ မြဝတီရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို သွားရောက်ကြည့်ရှုစဉ်။ (ပုံဟောင်း)