ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၁၊ ၂၀၂၄။
မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ခြုံခိုတိုက်ခိုက်ရာ တပ်ကြပ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု PRA_Magway က ယနေ့တွင် ထုတ်ပြန်သည်။
ဂုတ်ကြီးကျေးရွာနှင့် အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ကြား ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်ညနေ ၄နာရီခန့်က ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အမ်း-ပဒါန်းကားလမ်းသို့ဖြတ်သွားသည့် စစ်ကောင်စီယာဉ်တန်းတစ်ခုကို လုံခြုံရေးယူပေးရသည့် စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲအတွင်း ဖရိုဖရဲထွက်ပြေးသွားကြသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်ဟု PRA-Magway ၏ စစ်ရေးတာဝန်ခံ နောင်သူရိန်က သံလွင်ခက်ကိုပြောသည်။
“အမ်းဘက်ကို စစ်ကူပို့တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ဆိုပြီး စောင့်နေခဲ့တာပေါ့နော်။ ဒါပေမယ့် ကားတွေမှာ jammer ပါတဲ့အတွက် remote control တွေက အလုပ်မလုပ်တော့ မိုင်းဆွဲတိုက်ခိုက်လို့မရခဲ့ဘူးပေါ့။ အဲဒါနဲ့ လုံခြုံရေးယူပေးတဲ့ အင်အားတွေတက်လာမှာကို ကြိုသတင်းရတဲ့အတွက် ခြုံခိုစောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ” ဟုပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းတွင် အမှတ်-(၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်-မစခ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းသင်တန်းဆင်းလာသည့် အပတ်စဉ်သစ်သင်တန်းသားများလည်း ပါဝင်သည်ဟု တာဝန်ခံ နောင်သူရိန်က ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်ကလည်း ဂုတ်ကြီးကျေးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁) တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီကင်းစခန်းနှစ်ခုကို PRA-Magway နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ပထမအကြိမ်တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက ဂုတ်ကြီးကျေးရွာရှိ ဒေသခံပြည်သူအချို့မှာ ရွာအနီးအနားနှင့် ပဒါန်းမြို့ဘက်သို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည်ဟု သိရသည်။
ရုပ်သံ-PRA-Magway