သံလွင်ခက်
နိုဝင်ဘာ ၁၈၊၂၀၂၄။
ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ် ၊ လအိတိုက်နယ် ၊ဘန်ကောက်စစ်ရှောင်စခန်းအား ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီလေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ယနေ့ နေ့လယ် ၁၁ နာရီ နှင့် ၁၂ကြားတွင် တိုက်လေယာဥ် (၂) စင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၂၀၀ ဗုံးလေးလုံး စုစုပေါင်း ဗုံး (၅)လုံး ဖြင့် တိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဘန်ကောက်စစ်ရှောင်စခန်းရှိ ဘုရားကျောင်းအပါအဝင် နေအိမ်ခြောက်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု မြေပြင်တွင်ရောက်ရှိနေသော ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ပထမတကြိမ်ကစစ်ဘေးရှောင်စခန်းတည့်တည့်ကျပါတယ် ဒုတိယတကြိမ်ကစစ်ဘေးရှောင်စခန်းရဲ့ဘေးကလူနေအိမ်မှကြဲသွားတာပေါ့ ရေကန်ရော အိမ်သာကအစ ဆိုင်ကယ်တွေရောပါပဲ” ဟု ဆိုသည်။
ထိုဖြစ်စဉ်အတွင်း လူထိခိုက်သေဆုံးခြင်း မရှိဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဘန်ကောက်စစ်ရှောင်အားလေးကြိမ်ထက်မနည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ဘန်ကောက်စစ်ရှောင်စခန်းအား စစ်ကြောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်အပါအဝင် အရပ်သား ၉ဦးထက်မနည်းသေဆုံးခဲ့သည်။
ပုံစာ-နိုဝင်ဘာလ ၁၈ရက် ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခံရမှုအတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ မြင်ကွင်း။
ဓာတ်ပုံ-Khun Thein Oo