သံလွင်ခက်
နိုဝင်ဘာ ၁၈၊ ၂၀၂၄။
စစ်ကိုင်းတိုင်းဒေသ၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၂၅ ဦးနှင့် စစ်လက်နက်များ သိမ်းဆည်း ရရှိခဲ့သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ထုတ်ပြန်ခဲ့သည်။
ထိုစစ်ကောင်စီတပ်သား ၂၅ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ဆေးဝါးကုသပေးလျက်ရှိသည်ဟုလည်း ဆိုသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီး ၂ ရက်အကြာတွင် ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခတ်မှုကြောင့် စစ်ဆင်ရေးကာလ ၃ ရက်မြောက်နေ့ နိုဝင်ဘာ ၁၄ ရက်တွင် မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ဦးဆောင်ပြီး မိတ်ဖက် အညာညီနောင်ဖြစ်သော Generation Z Army – GZA နှင့် ရေစကြိုမြို့နယ် ဗိုလ်အောင်မောင်း၏ Southern Yesagyo – SYSO တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် ချင်းညီနောင်စစ်ဆင်ရေး – CB Operation အဖွဲ့များနှင့်လည်း Coordinated Movement (ညှိနှိုင်းလှုပ်ရှားမှု) များ ပြုလုပ်ခဲ့ပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းလည်း ကျန်းမာရေးစောင့်ရှောင်မှုများ ပြုလုပ်ပေးခဲ့သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ထုတ်ပြန်သည်။
ပုံ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA