• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
  • ထိုင်း-မြန်မာနယ်စပ် ဖုပ်ဖရအနီးတွင် မြန်မာ ၄၄ ဦး ဖမ်းမိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အသံတိတ်သတ်ဖြတ်ခံနေရတဲ့သားကောင်
ဆောင်းပါး

အသံတိတ်သတ်ဖြတ်ခံနေရတဲ့သားကောင်

thanlwinkhetBy thanlwinkhetNovember 7, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
နိုဝင်ဘာ ၇၊ ၂၀၂၄။
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ဖြစ်ပွားခဲ့သောပဋိပက္ခများအား လေ့လာကြည့်မည်ဆိုပါက အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့်သည် သဘာဝသယံဇာတများဖြစ်ကြသော သစ်၊ စိန်၊ ရွှေ၊ ရေနံနှင့် ကျောက်စိမ်းတို့ကဲ့သို့သော တန်ဖိုးကြီးသဘာဝသယံဇာတများကြောင့်သော်လည်းကောင်း၊ မြေဆီမြေဩဇာကောင်းမွန်သောစိုက်ပျိုးမြေနှင့် ရေချိုအရင်းအမြစ်ကဲ့သို့ ရှားပါးသဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့်သော်လည်းကောင်း ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဥ် – United Nations Environment Programme (UNEP) ကဆိုသည်။
ယင်းအပြင် သဘာဝအရင်းအမြစ်များနှင့်ပတ်သက်ပြီးဖြစ်ပွားသော ပဋိပက္ခများသည် အခြားသောပဋိပက္ခများထက် ပြန်လည်းဖြစ်ပွားနိုင်ခြေ ၂ ဆ ပိုများနေသည်ကိုလည်း UNEP က လေ့လာတွေ့ရှိခဲ့ပါသည်။ အသက်မွေးဝမ်း ကြောင်းနှင့် ဂေဟစနစ်ကိုတည်မြဲစေသော သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးနေသရွေ့ကတော့ စစ်ပွဲပဋိပက္ခများပြီးဆုံးရန်မဖြစ်နိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားစောင့်ရှောက်ဖို့လို သည်။
ထို့ကြောင့်လည်း ပဋိပက္ခများတားဆီးရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့အတွက် ဗျူဟာများချမှတ်အကောင်အထည်ဖော်ရန် ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဥ် နိုဝင်ဘာလ ၆ ရက်ကို “အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များအတွင်း သဘာဝပတ်ဝန်းကျင်ကိုအမြတ်ထုတ်ခြင်းအား ကာကွယ်ရေး နေ့” (International Day for Preventing the Exploitation of the Environment in War and Armed Conflict) ဟူ၍ သတ်မှတ်ခဲ့သည်။
ယနေ့ နိုဝင်ဘာလ ၆ ရက်သည် ၂၃ နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များအတွင်း သဘာဝပတ်ဝန်းကျင်ကိုအမြတ်ထုတ်ခြင်းအားကာကွယ်ရေးနေ့” ဖြစ်ပြီး မည်သည့်အတွက်ကြောင့်အရေးကြီးသနည်းဆိုသည်ကိုလည်း ယခုဆောင်းပါးတွင်ဖော်ပြသွားပါမည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက သဘာဝပတ်ဝန်းကျင်သည် စစ်ပွဲနှင့်ပဋိပက္ခများအတွင်း အသံတိတ်သတ်ဖြတ်ခံနေရသောသားကောင် ဟုဆိုခဲ့ဖူးသည်။ ထို့ကြောင့်လည်းသဘာဝပတ်ဝန်းကျင်သည် ပဋိပက္ခများ၏အသံတိတ်သားကောင်ဖြစ်ကြောင်း ပထမဦးစွာ အသိအမှတ်ပြုဖို့လိုအပ်သည့်အပြင် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ပဋိပက္ခများအကြားဆက်နွယ်မှုကို အသိအမှတ်ပြုရန်၊ ရာသီဉတုပြောင်းလဲခြင်းနှင့် ပဋိပက္ခများအကြားဆက်နွယ်မှုကို အသိအမှတ်ပြုရန်လိုအပ်သည်။
စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကမ္ဘာ့မီဒီယာများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစူးစိုက်မှုကိုလေ့လာကြည့်မည်ဆိုပါက လူသားတို့ရင်ဆိုင်နေရသောဒုက္ခများကိုသာ အဓိကထားလေ့လာကြသည်ကို တွေ့ရပေလိမ့်မည်။ အဆိုပါကာလများအတွင်း လူသားတို့၏မေ့လျော့ခြင်းခံထားရသည်က သဘာဝပတ်ဝန်းကျင်ဖြစ်သည်။ ထို့ကြောင့်လည်း လူတို့သည် မိမိတို့ဝန်းကျင်အနီးရှိ သဘာဝပတ်ဝန်းကျင်သည် လက်နက်ကိုင်ပဋိပက္ခများ၏ အသံတိတ်သားကောင်ဖြစ်ကြောင်း အသိအမှတ်ပြုလက်ခံဖို့လိုသည်။
ဥပမာဆိုရလျှင် ဗီယက်နမ်၊ ကူဝိတ်၊ အီရတ်၊ အာဖဂန်နစ္စတန်၊ မြန်မာနှင့် အခြားသောနိုင်ငံများကိုကြည့် လျှင် ပဋိပက္ခနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများသည် နီးနီးကပ်ကပ်ဆက်စပ်လျက်ရှိနေကြောင်း တွေ့ရပေလိမ့်မည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းက ပဋိပက္ခများကိုအားဖြည့်ပေးနိုင်သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမြတ်ထုတ်ခြင်းကလည်း ယင်းတို့အတွက် လောင်စာများပင်ဖြစ်တော့သည်။
လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ဘက်ဆိုင်ရာယာဥ်များအတွက် ရုပ်ကြွင်းလောင်စာများအသုံးပြုရသောကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ အလွန်အကျွံထုတ်လွှတ်ရလေ့ရှိသည်။ (ရုပ်ကြွင်းလောင်စာ ဆိုသည်မှာ ကမ္ဘာတဝန်းတွင်ရှိသောကဏ္ဍအသီးသီးအတွက် စွမ်းအင်အရင်းအမြစ်များပင်ဖြစ်သည်။ ရုပ်ကြွင်းလောင်စာတည်ရှိရာနေရာက နက်ရှိုင်းသောမြေအောက်ထဲ၌ဖြစ်ပြီး သဘာဝအလျောက်ဖြစ်တည်နေသောအရာများဖြစ်သည်။ ဆွေးမြည့်ပျက်စီးသွားသော အပင်များ၊ ဇီဝရုပ်များသည် မြေကြီးအောက်သို့ တဖြည်းဖြည်းရောက်ရှိသွားပြီး ပူပြင်းသောအပူချိန်နှင့်ထိတွေ့မှုဖြစ်ပွားလေ့ရှိသည်။ နှစ်သန်းပေါင်းများစွာ ကြာမြင့်လာချိန်မှာတော့ အဆိုပါဇီဝရုပ်များအတွင်းရှိ ဓာတုပစ္စည်းများနှင့် အခြားသောအရာများ စတင်ပြိုကွဲလာပြီး အမျိုးမျိုးသော သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီများအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်)
၁၉၉၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ပင်လယ်ကွေ့စစ်ပွဲက ထိုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လွှတ်မှု၏ ၂ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း အစီရင်ခံစာများကဖော်ပြသည်။ လက်ရှိဖြစ်ပွားနေသော ရုရှား – ယူကရိန်းစစ်ပွဲ ပထမ ၇ လအတွင်းထုတ်လွှတ်ခဲ့သော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည်လည်း နယ်သာလန်နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုပမာဏနှင့်ညီမျှကြောင်း အစီရင်ခံစာများကဆိုသည်။ ယင်းအပြင် လူတို့သည် သဘာဝပတ်ဝန်းကျင်အား စစ်ပွဲ၏အစိတ်အပိုင်းတစ်ခုအဖြစ် ပစ်မှတ်ထားလေ့ရှိတတ်ကြသည်။
ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်အသုံးပြုခဲ့သောနည်းဗျူဟာကြောင့် စစ်ပွဲ၏ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်နစ်နာမှုများကို လူထုကစတင်စိတ်ဝင်စားခဲ့သည်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အတွင်း အမေရိကန်သည် ဗီယက်ကောင်းတပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသည်ဟုယူဆရသော အပူပိုင်းသစ်တောများကို အဆိပ်ပြင်းထန်သောဓာတုပစ္စည်းများပါဝင်သည့် “Agent Orange” တန်ချိန်ပေါင်း သန်း ၂၀ ကျော် ပက် ဖြန်းခဲ့သည်။ ယင်းတွင်ပါဝင်သောဒြပ်ပေါင်းများသည် မပြိုကွဲမပျက်စီးဘဲ ပတ်ဝန်းကျင်တွင် ဆယ်စုနှစ် ပေါင်းများစွာကြာအောင် တည်ရှိနေနိုင်ပါသည်။
Tetrachlorodibenzo-p-dioxin (TCDD) သည် ဗီယက်နမ်ရှိ ရေအရင်းအမြစ်များအတွင်းဝင်ရောက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ဗီယက်နမ်နိုင်ငံ၏နေရာအနှံ့အပြားရှိ သီးနှံများနှင့်နေအိမ်များကိုဖျက်ဆီးခဲ့သလို တိုက် ရိုက် သို့မဟုတ် သွယ်ဝိုက်ထိတွေ့မိသူများအတွက်လည်း နာတာရှည်ရောဂါများဖန်တီးပေးခဲ့သည်။ “Agent Orange”ကြောင့်ဖြစ်ပေါ်လာသောရောဂါများကို ဗီယက်နမ်ကျေးလက်ဒေသများတွင်တွေ့ရှိခဲ့ရကြောင်း အစီရင်ခံစာများအရသိရသလို Tetrachlorodibenzo-p-dioxin (TCDD) ကိုလည်း မြေကြီးနှင့် မြေအောက်ရေများ တွင်တွေ့ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်ပေါင်း ၆၀ အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခများ၏ ၄၀ ရာခိုင်နှုန်းက သဘာဝသယံဇာတအရင်းအမြစ်များအား အမြတ်ထုတ်ခြင်းနှင့်ဆက်စပ်နေကြောင်း အထက်တွင်ဖော်ပြခဲ့ပါသည်။ ထိုသို့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရသော သဘာဝသယံဇာတများတွင် တန်ဖိုးကြီးသော စိန်၊ သစ်များမှသည် ဆင်စွယ်နှင့် ငါးဖမ်းလုပ်ငန်းများကဲ့သို့သော တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ရေးများအထိ ပါဝင်နေသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကဲ့သို့သောနိုင်ငံများတွင်မူ ပြည်တွင်းပဋိပက္ခများဆက်လက်တည်တံ့နေစေရန် သဘာဝသယံဇာတများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းက အဓိကကျသောအခန်းကဏ္ဍကပါဝင်နေသည်။ ထိုသို့ တရားမဝင်အမြတ်ထုတ်မှုများကနေ နှစ်စဥ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ ဘီလီ ယံရရှိနေပြီး ထိုပမာဏ၏ ၁၀ – ၃၀ ရာခိုင်နှုန်းသည် ရာဇဝတ်ဂိုဏ်းများအတွက် ဘဏ္ဍာငွေများဖြစ်လာ ကြသည်။
ရာသီဥတုဖောက်ပြန်မှုက အရေးကြီးသောကိစ္စရပ်ဖြစ်ပြီး အထက်တွင်ဖော်ပြခဲ့သကဲ့သို့ပင် စစ်ပွဲနှင့် ပဋိပက္ခများကလည်း ရာသီဥတုကိုဖောက်လွှဲဖောက်ပြန်ဖြစ်စေသည်။ သဘာဝသယံဇာတများထုတ်ယူသုံးစွဲမှုနှင့် ပဋိပက္ခများ၊ စစ်ပွဲများအကြား လေးလေးနက်နက်ဆက်စပ်ပတ်သက်နေသော်လည်း စစ်ပွဲများဖြစ်ပွား ခြင်းကြောင့် ထိခိုက်နစ်နာမှုများ၊ ပြင်းထန်သောဆိုးကျိုးများအား မှတ်တမ်းတင်ဖော်ပြကြရာတွင် သေဆုံးဒဏ်ရာရရှိခဲ့ကြသည့် အရပ်သားပြည်သူများ၊ စစ်သည်အရေအတွက်နှင့် ပျက်စီးသွားသောမြို့ရွာများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုသာ မီဒီယာနှင့် လူ့အဖွဲ့အစည်းက အဓိကအလေးထားဖော်ပြလေ့ရှိပြီး စစ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများနှင့် အချက်အလက် များကိုတော့ အရေးတယူစဥ်းစားတွက်ချက်လေ့မရှိကြပါ။ ထို့ကြောင့်လည်း စစ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေနှင့်ပတ်သက်သော သတင်းအချက်အလက်များက အမြဲလိုပင် တိမ်မြုပ်ပျောက်ကွယ်နေလေ့ရှိတတ်သည်။
စစ်ဖြစ်လာသည့်အခါ စစ်ရေးအရအသာစီးရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပျက်စီးသွားစေခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ စစ်ပွဲများသည် ရေ၊ မြေဆီလွှာနှင့် မြေထုညစ်ညမ်းစေခြင်း၊ လေထုတွင်းသို့ ညစ်ညမ်းစေသောအရာများ ထုတ်လွှတ်ခြင်း၊ ပေါက်ကွဲစေတတ်သော စစ်ပွဲ၏အကြွင်းအကျန်များက လူနှင့်တိရစ္ဆာန်များအား အန္တရာယ်ဖြစ်စေနိုင်ခြင်း၊ စိုက်ပျိုးသီးနှံများ မီးရှို့ခံရခြင်း၊ သစ်တောသစ်ပင်များ အလွန်အမင်းခုတ်လှဲခံရခြင်း၊ မြေဆီ လွှာများ အဆိပ်သင့်ကာကျန်ရစ်ခြင်း၊ ရှားပါးတိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်များသတ်ဖြတ်ခံရခြင်းစသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကျန်ရစ်လေ့ရှိတတ်သည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးသော နိုင်ငံ ၂၅ နိုင်ငံအနက် ၁၄ နိုင်ငံက ပဋိပက္ခများကာလရှည်ကြာဖြစ်ပွားနေသောနိုင်ငံများဖြစ်ကြသည်။ Notre Dame Global Adaptation Initiative (ND-Gain) Index တွင် ယီမင်၊ မာလီ၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံ များကဲ့သို့သော ပဋိပက္ခများဖြစ်ပွားနေသည့်နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုနှင့် အခြားစိန်ခေါ်မှုများအတွက် ထိခိုက်နိုင်ခြေမြင့်မားပြီး ကြံ့ကြံ့ခံနိုင်စွမ်းနည်းပါးကြောင်းဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်၏ဖားကန့်ဒေသသည် ကမ္ဘာ့အကြီးမားဆုံးသော ကျောက်စိမ်းတွင်းများတည်ရှိရာဒေသတစ်ခုဖြစ်ပြီး အဆိုပါကျောက်စိမ်းတွင်းများနှင့် နှစ်စဥ်တူးဖော်နေသော ကျောက်စိမ်းလုပ်ငန်းများကဝင်ငွေသည် ဒေါ်လာဘီလီယံချီရှိသည်။ ကျောက်စိမ်းဝင်ငွေက မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဆယ်စုနှစ်များစွာကြာအောင်ရိုက်ခတ်လျက်ရှိပြီး နိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒအပေါ် လွှမ်းမိုးနေသော ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် ပဋိပက္ခများ၏ဗဟိုချက်အဖြစ်တည်ရှိနေသည်။
ကျောက်စိမ်းလုပ်ငန်းများကရရှိသောဝင်ငွေသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာ့ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေပြီး များပြားသောငွေကြေးပမာဏကိုလည်း ထောက်ပံ့ပေးပါသည်။ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ၎င်းတို့၏မိတ်ဘက်အဖွဲ့အစည်းများသည် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများအတွက် ရန်ပုံငွေရှာဖွေရန်နှင့် ၎င်းတို့ကိုယ်တိုင်ချမ်းသာကြွယ်ဝစေရန် ကြိုးစားလာကြသောကြောင့် အဆိုပါပဋိပက္ခများနှင့် ဥပဒေမဲ့ဆောင်ရွက်မှုများက အကျင့်ပျက်ခြစားမှုများကို ကြာရှည်စွာဖြစ်ပေါ်စေနိုင်ပြီး အန္တရာယ်ရှိသော ကျောက်မျက်တူးဖော်မှုအလေ့အထဆိုးများဆီ ဦးတည်စေခဲ့ပါသည်။
ဖားကန့်ဒေသအတွင်းနေထိုင်နေကြသောဒေသခံများနှင့် ကချင်ပြည်နယ်ကတော့ ကျောက်စိမ်းလုပ်ငန်း၏ အကျိုးအမြတ်အနည်းငယ်ကိုသာ ရရှိနေသည်။ ဥပဒေမဲ့ဆောင်ရွက်မှုများနှင့် အကျင့်ပျက်ခြစားမှုများတွင် မြန်မာစစ်တပ်၏ အမြင့်ဆုံးအဆင့်ရှိပုဂ္ဂိုလ်များပါဝင်နေပြီး စစ်တပ်သည် သဘာဝသယံဇာတများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ယူခြင်းများ၏ ပိရမစ်ထိပ်ဆုံးတွင် နေရာယူထားသည်ကိုတွေ့ရသည်။ ယင်းသို့သော အကျင့်ပျက်ခြစားမှုများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မိသားစုလည်း ပါဝင်နေသည်။ ဖေ ဖော်ဝါရီအာဏာသိမ်းမှုက ကျောက်စိမ်းတူးဖော်မှုကဏ္ဍအတွင်း မြန်မာစစ်တပ်၏အကျင့်ပျက်ခြစားမှုများကို ပိုမိုဖြစ်ပေါ်လာစေခဲ့သည်။
ဖော်ပြခဲ့သည်များက သဘာဝသယံဇာတဖြစ်သောကျောက်စိမ်းနှင့် ပဋိပက္ခများအကြားဆက်စပ်နေမှုကို မီးမောင်းထိုးပြနေပါသည်။ မြန်မာစစ်တပ်အာဏာသိမ်းမှုက ကျောက်စိမ်းလုပ်ငန်းတွင် ယခင်စစ်အုပ်ချုပ်ရေးကာလများကဲ့သို့သော အခြေအနေများဆီရောက်ရှိရန် ကျယ်ကျယ်ပြန့်ပြန့်တံခါးဖွင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။
မြန်မာစစ်တပ်သည် လိုင်စင်နှင့် စည်းမျဥ်းဥပဒေပိုင်းဆိုင်ရာ ဗျူရိုကရေစီကို အပြည့်အဝထိန်းချုပ်လိုက်သလို ကျောက်စိမ်းလုပ်ငန်းက မြန်မာစစ်ကောင်စီကို လက်တွေ့ကျကျအထောက်အပံ့ပေးမည့် အရင်းအမြစ်ပြီး တရားမဝင်ရန်ပုံငွေများဖြစ်လာစေဖို့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပေသည်။ ကျောက်စိမ်းရောင်းဝယ်မှုနှင့် အခွန်ကောက်ခံမှုများကရရှိသောဝင်ငွေများသည် မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ရက်စက်သောအကြမ်းဖက်မှုများဆက်လက်ဆောင်ရွက်နိုင်ရန် အထောက်အပံ့ပြုနေပါသည်။ အဓိပ္ပါယ်ပြည့်ဝသော ပြုပြင်ပြောင်းလဲရေးများအတွက်ဖြစ်နိုင်ခြေများကို စစ်အာဏာသိမ်းမှုကဖျက်ဆီးလိုက်သလို ယခုအချိန်မှာတော့လည်း ကျောက်စိမ်းနှင့်ပဋိပက္ခဆက်စပ်မှုအတွက် လွယ်ကူသောအဖြေမရှိနိုင်တော့ပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသော ပြည်တွင်းစစ်အတွင်း ကောင်းမွန်တည် ငြိမ်သောစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများတည်ဆောက်ဖို့ ခက်ခဲနေချိန်တွင် မြေရှားသတ္တု များတူးဖော်ခြင်း၊ တွင်းထွက်သယံဇာတများတူးဖော်ခြင်း၊ သစ်အလွန်အကျွံထုတ်ယူခြင်းစသည့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသောလုပ်ရပ်များ ပေါ်ပေါက်လျက်ရှိနေသည်။ ရွှေနှင့်သတ္တုတူးဖော်ရေးနယ်မြေများအတွင်း မြေပြိုကျခြင်းနှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းတိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် သတ္ထန္တရကပ်ဆိုက်နေသော မြန်မာနိုင်ငံတွင်းရှိဒေသများနှင့်ပြည်သူများစွာတို့အား ကြီးမားသောထိခိုက်ဆုံးရှုံးမှုများနှင့် သေကြေပျက်စီးမှုများကြုံတွေ့စေခဲ့ သည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကဲ့သို့သောပဋိပက္ခများအတွင်း ကျရောက်လာသောဘေးအန္တရာယ်များကို ကြံကြံခံနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းလျော့ကျမှုတို့အား အထက်ဖော်ပြပါဖြစ်ရပ်က ဖော်ပြနေပါသည်။ ယခုလို ဥပဒေစိုးမိုးမှုအားနည်းပြီး ပြည်တွင်းစစ်ဖြစ်ပွားနေချိန်တွင် ပြည်သူလူထုအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ရွာဒေသရှိ သဘာဝသယံဇာတအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေရန် တတ်စွမ်းသလောက် ပူးပေါင်းပါဝင်ဖို့ အရေးတကြီးလိုအပ်လျက်ရှိနေပါသည်။
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များအတွင်း သဘာဝပတ်ဝန်းကျင်ကို အမြတ်ထုတ်ခြင်းအားကာကွယ်ရေးနေ့တွင် အရေးတကြီးပြောလိုသည်က သဘာဝပတ်ဝန်းကျင်နှင့် ပဋိပက္ခများအကြားဆက်နွယ်မှုကို နားလည်သဘောပေါက်ရန်ဖြစ်သည်။ ထိုသို့သဘောပေါက်ပါမှလည်း ပဋိပက္ခများဖြစ်ပွားနေချိန်မျိုး၌ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပေတော့သည်။
(အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များအတွင်း သဘာဝပတ်ဝန်းကျင်ကို အမြတ် ထုတ်ခြင်းအားကာကွယ်ရေးနေ့ အထိမ်းအမှတ်ဆောင်းပါး)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအမ်း-ပဒါန်းလမ်းပိုင်းရှိ ကင်းစခန်းနှစ်ခု တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး
Next Article ရခိုင်ဒေသအတွင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025

ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.