![]()
ခင်သရဖီဦး
အာရက္ခတပ်တော် AA ၏ မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်ကို AA တပ်ဖွဲ့ဝင် ၂၄ဦးနှင့်အတူ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းမူးယစ်ဆေးဝါများသည် အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖြစ်သည်ဟုလည်း စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားသည်။
သို့သော်လည်း ထိုကဲ့သို့ ထုတ်ပြန်ချက်များမှာ စစ်ကော်မရှင်တပ်က ၎င်းတို့ ပိုင်ဆိုင်ထားသည့် မူးယစ်ဆေးဝါးများကို အသုံးပြုကာ စွပ်စွဲနေခြင်းဖြစ်ပြီး AA နှင့် လုံးဝ မသက်ဆိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
“မူးယစ်ဆေးဝါးကတော့ သူတို့မှာ စစ်ရေး၊ နိုင်ငံရေးအရ အခက်အခဲ အကျပ်အတည်းဖြစ်လာတဲ့အချိန်တိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ယိုစွဲပြီးတော့ စွပ်စွဲနေတာက တောက်လျှောက်ဖြစ်နေတဲ့ ကိစ္စပါ။ အဲဒါက သူတို့လက်ထဲမှာရှိနေတဲ့ မူးယစ်ဆေးဝါးတွေကို လိုချင်တဲ့ပုံစံ ပုံဖော်ပြီးတော့ ထုတ်ပြနေတာပါ။ အဲဒါတွေက ကျနော်တို့က လုံးဝ ပတ်သက်မှု မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် နိုင်ငံတကာတွင် အာရက္ခတပ်တော်အား နာမည်ပျက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
“သူတို့မှာ ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဂိုဒေါင်ထဲက ထုတ်ပြပြီးတော့ AA ဆီက ရပါတယ်ဆိုပြီး မဆိုင်တဲ့လူတွေကို ဖမ်းဆီးနှိပ်စက်ညှင်းပန်းပြီးတော့ အဲဒီလို တောက်လျှောက် စွပ်စွဲနေတာပါ။ အဓိကတော့ ကျနော်တို့ကို နိုင်ငံတကာမှာ နာမည်ပျက်စေချင်လို့ အတင်းအဓမ္မ လုပ်ကြံ ဖန်းတီးစွပ်စွဲနေတာတွေပါ” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ (၁) ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင် အမှတ် (၁၉) မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ တန်းဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်နှင့်အတူ AA ၏ ထောက်ပံ့ရေးတာဝန်ခံ ဦးခင်ထွန်းနှင့် ပုသိမ်မြို့၌ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့်တို့ နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း ဆိုထားသည်။
ထို့အပြင် ဖမ်းဆီးရမိသည့် တရားခံ နှစ်ဦး၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၆ ရက်တွင် ၁၆ ဦးအား ထပ်မံဖမ်းမိပြီး နိုဝင်ဘာလ ၇ ရက်တွင် လေးဦးနှင့် နိုဝင်ဘာလ ၉ ရက်တွင် အမေရိကန်နိုင်ငံထုတ် M -4 A-1 သေနတ်တစ်လက်၊ ပစ္စတို နှစ်လက်၊ ကုန်တင်သဘေင်္ာ နှစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်အနေဖြင့် ဖမ်းမိသည့် တရားခံများအား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖမ်းဆီးရန် ကျန်သည့် တရားခံများနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
#ပုသိမ် #မူးယစ်ဆေးကိစ္စ #စစ်ကော်မရှင်ထုတ်ပြန်ချက် #ThanLwinKhetNews

