သံလွင်ခက်
နိုဝင်ဘာ ၆၊၂၀၂၄။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးအင်အားစု မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀)ဦးခန့် သေဆုံးခဲ့သည်ဟု People’s Revolution Alliance (PRA-Magway ) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက် ၊ မနက် ၁၁ နာရီခန့်၌ မကွေးတိုင်း ဂုတ်ကြီးကျေးရွာ ၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင်-၁၁ တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထပ်မံအင်အားဖြည့်တင်းခြင်း၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
နှစ်ဖက်ပစ်ခတ်မှု အတွင်း “ ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့သည် “ ဟု PRA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါတိုက်ပွဲတွင် (PRA-Magway )၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် ယခု အမ်း-ပဒါန်းလမ်းပိုင်ကို ရှေးပြေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်။
ဓာတ်ပုံ-PRA-Magway