ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရမ့် ၄၇ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာ
*********************
သံလွင်ခက်
နိုဝင်ဘာ ၆၊ ၂၀၂၄။
အဆုံးဖြတ်ပြည်နယ်များ(Swing States)မှ လုံလောက်သော မဲအရေအတွက်ကို စုဆောင်းနိုင်ခဲ့သည့် ရီပတ်ဘလီကန်ပါတီမှ ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဒုတိယအကြိမ်သက်တမ်းဖြစ်ပြီး ယခုအကြိမ် အနိုင်ရရှိမှုသည် အမေရိကန်ပြည်ထောင်စု၏ ၄၇ယောက်မြောက်သမ္မတဖြစ်လာမည် ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၂၀၂၀တွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို မဲရလဒ်အနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် သမ္မတရာထူးကို စွန့်လွှတ်ခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅၀ခုရှိသော်လည်း ၄၃ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်ခင် မဲရလဒ်အဖြေပေါ်ပြီးသားပြည်နယ်များဖြစ်ပြီး ကျန်ပြည်နယ် ၇ခုကို အဆုံးဖြတ်ပြည်နယ်များ(Swing States)ပြည်နယ်များဟု ဆိုကြသည်။ အဆုံးဖြတ်ပြည်နယ် ၇ခုတွင် မဲနေရာ ၉၃ရှိပြီး ထရမ့်အနေဖြင့် သမ္မတရာထူး တာဝန်ထမ်းဆောင်ရန် ၅၁မဲ အနိုင်ရရှိရန်လိုအပ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် မြောက်ကယ်ရိုလိုင်းနားမှ ၁၆မဲ၊ ဂျော်ဂျီယာမှ ၁၆မဲနှင့် ပန်ဆယ်ဗေးနီးယားမှ ၁၉မဲတို့ကို အနိုင်ရရှိပြီးနောက် လုံလောက်သောမဲနေရာများကို ရရှိသွားပြီဖြစ်သည်။ ပြည်နယ် ၆ခုတွင် မဲစာရင်း ရေတွက်ခြင်း မပြီးစီးသေးသော်လည်း ထရမ့်နှင့် သူ၏ပါတီက အနိုင်ရပြီဟု အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။
ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် အနိုင်ရရှိသွားပြီးနောက် ဖလော်ရီဒါပြည်နယ်တွင်ရှိသည့် ရီပတ်ဘလီကန်ပါတီဌာနချုပ်တွင် စုဝေးနေကြသော ထောက်ခံသူများရှေ့တွင် ထရမ့်က အောင်ပွဲခံမိန့်ခွန်းပြောကြားခဲ့သည်။ ထောက်ခံသူအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမေရိကန်၏အနာဂတ်ကို ပိုကြီးကျယ်အောင် လုပ်ဆောင်သွားမည်ဟု ထရမ့်က ကတိပြုလိုက်သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နံနက် ၃နာရီအထိအရ သမ္မတရွေးကောက်ရာတွင် ဒေါ်နယ်ထရမ့်က ၂၆၇မဲနှင့် ကမ်မလာဟဲရစ်က ၂၂၄မဲ ရရှိထားပြီးဖြစ်သည်။ ထို့အတူအထက်လွှတ်တော်(ဆီးနိတ်) ရွေးကောက်ရာတွင်လည်း ရီပတ်ဘလီကန်ပါတီက ၅၁နေရာဖြင့် ထက်ဝက်ကျော် အနိုင်ရရှိခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
အောက်လွှတ်တော် ရွေးကောက်ရာတွင် ရီပတ်ဘလီကန်ပါတီက ဒီမိုကရက်တစ်ပါတီထက် မဲအသာရထားပြီး ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်ပါတီက သမ္မတနေရာ၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် သုံးခုလုံးကို ထိန်းချုပ်နိုင်ရန် အလားအလာရှိနေသည်။
Photo- Fox News